မြ၀တီမြို့ အနိမ့်ပိုင်းရပ်ကွက် တစ်ခုတွင် ရေကြီးရေလျှံမှု မြင်ကွင်း (ဓာတ်ပုံ-ကိုရွှေသိန်း-မြ၀တီ)
မြန်
မာ-ထိုင်းနယ်စပ်စည်းခြား သောင်ရင်းမြစ်ရေသည်
မိုးရွာသွန်းမှုကြောင့် စိုးရိမ်ရေမှတ် ကျော်လွန်ကာ အနိမ့်ပိုင်း
ရပ်ကွက်များမှ ဒေသခံ တစ်ထောင်ကျော် ရေလွတ်ရာသို့
ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။
သြဂုတ် ၁၆ ရက် ညနေ ၅ နာရီအချိန် မိုးလေ၀သနှင့် ဇလဗေဒဌာန တိုင်းတာချက်အရ ၄၇၂ စင်တီမီတာသို့ ရောက်ရှိလာသည့် အတွက် အမှတ် ၁ ရပ်ကွက်၊ အမှတ် ၅ ရပ်ကွက်ရှိ အနိမ့်ပိုင်းနေသူများအား ကြိုတင်စီစဉ် ဆောင်ရွက်ထားသည့် ကယ်ဆယ်ရေး စခန်းဖြစ်သည့် တေဇစက္ကီ ဘုန်းကြီးကျောင်း၊ အမှတ် ၅ ကျွန်းတောဈေး ကြခတ္တောဘုန်းကြီးကျောင်း၊ တောရဘုန်းကြီးကျောင်း စသည့် ကယ်ဆယ်ရေး စခန်းနေရာများသို့ ပြောင်းရွှေ့ခဲ့ကြရသည်။
ထို့ပြင် မိုးရွာသွန်းမှုမှာ မိုးရေချိန် ၁ ဒသမ ၈၉ လက်မ ရှိနေပြီး အမှတ် ၁ ရပ်ကွက်ရှိ ရေလွှဲတံခါးပေါက် နှစ်ခုမှလည်း ရေများတိုးဝင်နေသည့် အတွက် တပ်၊ ရဲနှင့် ရပ်ကွက်နေ ပြည်သူများ အင်အား တစ်ရာကျော်ဖြင့် သဲအိတ်ကာ ပိတ်ဆို့ခဲ့ကြကြောင်း သိရသည်။
“မိုးဆက်ရွာရင် ဒီထက်မြင့်တက်လာနိုင်ပါတယ်။ သတိဝီရိယထားပြီး အနိမ့်ပိုင်းမှာ နေတဲ့သူတွေက အမြန်ရွှေ့သင့်ပါတယ်။ အချို့ အနိမ့်ပိုင်းအိမ်များ မပြောင်းရွှေ့သေးတဲ့ အတွက် အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးက အတင်းပြောင်းရွှေ့ခိုင်းတာ တွေ့ရှိရပါတယ်” ဟု ရပ်ကွက်နေပြည်သူ တစ်ဦးက ပြောကြားသည်။
မြ၀တီမြို့ရဲ့ သောင်ရင်းမြစ်ရေ စိုးရိမ်ရေမှတ်မှာ ၄၇၇ စင်တီမီတာလို့ သိရပြီး ည ၉ နာရီ မိုးဇလတိုင်းတာချက်အရ ၅၁၇ စင်တီမီတာသို့ ရောက်ရှိလာပါတယ်။ မိုးဆက်ရွာသွန်းမည် ဆိုပါက နောက် ၂၄ နာရီအတွင်း စိုးရိမ်ရဖွယ် ဖြစ်လာနိုင်ပါတယ်” ဟု အမှတ်သုံးရပ်ကွက် မြစ်ကမ်းစပ် အနီးနေသူ ကိုသန့်ဇင်က ခန့်မှန်းပြောကြားသည်။
သောင်ရင်းမြစ်ရေ ဆက်လက် မြင့်တက်နေဆဲ ဖြစ်သည့်အတွက် ရေ၀င်ရောက်နေသည့် မြေနိမ့်ပိုင်းနေ ပြည်သူများအား (ရေဘေးကယ်ဆယ်ရေးစခန်း) များသို့ ရောက်ရှိနိုင်ရေး အတွက် လွှတ်တော် ကိုယ်စားလှယ်များ၊ အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများ၊ ပရဟိတလူမှု ကူညီရေးအသင်း အဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကူညီဆောင်ရွက်ပေးလျက် ရှိသည်။
မြ၀တီခရိုင် ပြည်သူ့ဆေးရုံကြီးမှလည်း လိုအပ်သည့် ကျန်းမာရေး ကူညီစောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ကယ်ဆယ်ရေး စခန်းလေးခုရှိ ရေဘေးရှောင်ပြည်သူများအား သြဂုတ် ၁၆ ရက် ညပိုင်းတွင် ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ စည်ပင်ကော်မတီ ဥက္ကဋ္ဌနှင့် ရပ်မိရပ်ဖများက လိုအပ်သည့် လျှပ်စစ်မီး၊ စားသောက်ဖွယ်ရာများနှင့် လိုအပ်သည်များ ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကရင်ပြည်နယ်အတွင်း မြို့နယ်အလိုက် မြစ်ရေချိန် မြင့်တက်မှုမှာ သြဂုတ် ၁၇ ရက် တိုင်းထွာချက်များအရ စိုးရိမ်ရေမှတ် အနီးသို့ အသီးသီး ရောက်ရှိနေကြောင်း ကရင်ပြည်နယ် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
သြဂုတ် ၁၇ ရက် နံနက် ၈ နာရီခွဲ တိုင်းထွာချက်များအရ သံလွင်မြစ်သက်ရောက်ရာ ဘားအံမြို့တွင် သံလွင်မြစ်၏ စိုးရိမ်ရေအမှတ် စင်တီမီတာ ၇၅၀ အောက်စင်တီမီတာ ၆၉၃ သို့ လည်းကောင်း၊ လှိုင်းဘွဲမြို့တွင် လှိုင်းဘွဲချောင်းသည် စိုးရိမ်ရေမှတ် စင်တီမီတာ ၉၅၀ အောက် စင်တီမီတာ ၈၀၀ သို့လည်းကောင်း၊ ကော့ကရိတ်မြို့တွင် ဂျိုင်းမြစ်သည် စိုးရိမ်ရေမှတ် စင်တီမီတာ ၅၅၀ အောက် စင်တီမီတာ ၄၆၆၊ ကော့ကရိတ်မြို့တွင် ဟောသရောမြစ်သည် စိုးရိမ်ရေမှတ် ၅၅၀ အောက် စင်တီမီတာ ၄၄၆ သို့ လည်းကောင်း၊ ကြာအင်းဆိပ်ကြီးမြို့တွင် ဇမိမြစ်သည် ၎င်း၏ စိုးရိမ်ရေအမှတ် စင်တီမီတာ ၁၀၆၆ အောက်စင်တီမီတာ ၈၂၃ သို့ လည်းကောင်း၊ မြ၀တီမြို့တွင် သောင်ရင်းမြစ်သည် စိုးရိမ်ရေအမှတ် စင်တီမီတာ ၄၇၇ ကို ကျော်လွန်ပြီး စင်တီမီတာ ၅၁၃ သို့ လည်းကောင်း၊ ဖာပွန်မြို့ နယ် ကမမောင်းမြို့တွင် သံလွင်မြစ်သည် ၎င်း၏ စိုးရိမ်ရေအမှတ် စင်တီမီတာ ၆၇၈ အောက်စင်တီမီတာ ၄၇၆ သို့ လည်းကောင်း၊ ဖာပွန်မြို့တွင် ယွန်းစလင်းမြစ်သည် ၎င်း၏စိုးရိမ်ရေအမှတ် စင်တီမီတာ ၆၀၀ အောက်စင်တီမီတာ ၄၇၆ သို့ လည်းကောင်း အသီးသီး ရောက်ရှိနေကြောင်း သိရသည်။
“ထူးခြားချက် အနေနဲ့ ကရင်ပြည်နယ်အတွင်း မြ၀တီမြို့နယ်မှာ တစ်ပတ်အတွင်း မိုးရေချိန် ၇ ဒသမ ၅၅ လက်မ ရွာသွန်းခဲ့တဲ့အတွက် သောင်ရင်းမြစ်ရေဟာ ၎င်းရဲ့စိုးရိမ်ရေအမှတ်ကို ကျော်လွန်ရောက်ရှိခဲ့တယ်။ ဒါကြောင့် ကရင်ပြည်နယ်မှာ ပထမဆုံး မြစ်ရေကြီးမှု ဒုတိယကာလမှာ မြေနိမ့်ရပ်ကွက်တွေမှာ ရေကြီးနစ်မြုပ်မှု စတင်ခံစားရတာ ဖြစ်ပါတယ်။ လက်ရှိမှာ ကရင်ပြည်နယ်အတွင်း မြစ်ချောင်းတွေမှာ မြစ်ရေချိန် ပြန်လည်လျော့နည်းလာတဲ့ အနေအထား ရှိလာတာ ဖြစ်ပေမယ့် အချိန်မရွေး မြစ်ရေ ပြန်တက်လာနိုင်တဲ့ အတွက် ရုတ်တရက် မြစ်ရေလွှမ်းမိုးမှုကို သတိထားဖို့ လိုအပ်ပါတယ်” ဟု ကရင်ပြည်နယ် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးအောင်ကိုကိုမှ ပြောကြားသည်။

Writer:
ကိုရွှေသိန်း(မြ၀တီ)၊ စိုးစိုး(ဘားအံ)
No comments:
Post a Comment