သရုပ်ဆောင် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်နှင့် လူငယ်အနုပညာရှင်များ ပူးပေါင်းပါဝင် ဖျော်ဖြေမည့် Frenzo Music Tour ဖျော်ဖြေပွဲများကို ရန်ကုန်၊ မန္တလေးမြို့ အပါအ၀င် မြို့ကြီးများတွင် ပြုလုပ်ရန် စီစဉ်ထားရာ၌ ပထမဆုံး ဖျော်ဖြေပွဲအဖြစ် သြဂုတ် ၁၄ ရက်တွင် ပြုလုပ်ခဲ့ပြီးဖြစ်သည်။ ယင်းဖျော်ဖြေပွဲတွင် Frenzo Production ၏ New Artist အဖြစ် အမျိုးသမီး အဆိုတော်သစ် အမရာဖုန်းကို ပွဲထုတ်တင်ဆက်ခဲ့သည်ကိုလည်း တွေ့မြင်ရသည်။ ယခုနှစ်အတွင်း စိုင်းစိုင်းခမ်းလှိုင်၏ တစ်ကိုယ်တော်ေ တးစီးရီးသစ် စတင်ထွက်ရှိရန် စီစဉ်ထားသည့်အပြင် ထိုင်းနိုင်ငံမှ ထုတ်လုပ်ရေး၊ ထိုင်းမင်းသမီးတို့နှင့် တွဲဖက်ပါဝင် ရိုက်ကူးထားသည့် ‘From Bangkok to Mandalay’ ရုပ်ရှင်ဇာတ်ကားသည်လည်း အောက်တိုဘာလတွင် ရုံတင်ပြသမည်ဖြစ်သည်။ စိုင်းစိုင်းခမ်းလှိုင်နှင့် တွေ့ဆုံဖြစ်သည့်အခိုက် တေးစီးရီးသစ် ထွက်ရှိရန် စီစဉ်နေမှု၊ စက်တင်ဘာလတွင် သရုပ်ဆောင် ၀တ်မှုန်ရွှေရည်နှင့် တွဲဖက်ရိုက်ကူးမည့် ရုပ်ရှင်ဇာတ်ကား အကြောင်းအရာ အပါအ၀င် အနုပညာရေးရာ အဖြာဖြာအား မေးမြန်းဖြစ်ခဲ့သည်။
မေး - ဒီတစ်ခေါက် ပြုလုပ်ခဲ့တဲ့ Frenzo Music Tour မှာ ပွဲထုတ်ခဲ့တဲ့ အမျိုးသမီး အဆိုတော်သစ်လေးအကြောင်း အရင်ပြောပြပါဦး။
ဖြေ - အမရာဖုန်းက ကျွန်တော်တို့ Frenzo Production ကနေ ထပ်ပြီးတော့ ထွက်လာမယ့် New Artist တစ်ယောက် ဖြစ်ပါတယ်။ Frenzo နဲ့ လက်တွဲပြီးတော့ ဆိုမှာ ဖြစ်တဲ့အတွက် Frenzo Show တွေမှာ သူပါဝင်လာတာ ဖြစ်ပါတယ်။
မေး - သူ့ရဲ့ Single Album ရော Frenzo ကတစ်ဆင့် ထုတ်ပေးဖို့ ရှိတာလား။
ဖြေ - ကျွန်တော်တို့ Frenzo Production ကနေ အမရာဖုန်းရဲ့ Solo Album တွေ၊ သီချင်းတွေ၊ တခြား သူ့ရဲ့ အနုပညာ လှုပ်ရှားမှုတွေကို တင်ဆက်သွားမယ့် အစီအစဉ်တွေ ရှိပါတယ်။ စာချုပ်တွေ ဘာတွေနဲ့ နားလည်မှု ယူထားတယ်လို့လည်း ပြောလို့ ရပါတယ်။
မေး - Welcome to Frenzo အယ်ဘမ်ကရော ဘယ်လို အခြေအနေ ရှိနေပြီလဲ။
ဖြေ - Welcome to Frenzo အတွက် ကျွန်တော်တို့ တစ်ယောက်ကို သီချင်းနှစ်ပုဒ်စီလောက်နဲ့ အယ်ဘမ်လေးလုပ်ဖို့ စဉ်းစားထားတာ။ အဲဒီအတွက် ရည်ရွယ်ထားပါတယ်။ လောလောဆယ်မှာတော့ အားလုံး တိုင်ပင်လိုက်တာက ကျွန်တော်ပဲဖြစ်ဖြစ်၊ ဘန်နီပဲဖြစ်ဖြစ် Snare ပဲဖြစ်ဖြစ် Solo Album မထွက်တာ ကြာပြီ။ ၂၀၁၆ မကုန်ခင် ရအောင်ထွက်ခြင်းအားဖြင့် ပရိသတ်တွေနဲ့ သီချင်းအသစ်တွေ အဆက်ပြတ်နေတာကို များများလေး ထုတ်နိုင်အောင် လုပ်မယ်ဆိုပြီး စဉ်းစားထားပါတယ်။ အတွဲခွေကိုတော့ Solo ခွေရဲ့ နောက်မှထုတ်မယ်လို့ တိုင်ပင်ထားပါတယ်။
မေး - ဒါဆို စိုင်းစိုင်းရဲ့ စီးရီးသစ် ထွက်ဖြစ်ဖို့ ရှိတယ်ပေါ့။
ဖြေ - ကျွန်တော် ကြိုးစားနေပါတယ်။ ပြင်ဆင်နေတာလည်း တော်တော်ကြာပြီ။ တချို့ သီချင်းတွေဆို အရသာကို ကိုယ်တိုင်ပဲ မကြိုက်တော့လို့ တခြားသီချင်းအသစ်တွေ ထပ်ဖြည့်တာမျိုးတောင် လုပ်ဖြစ်တယ်။ Snare ခွေသစ် အရင်ဆုံး ထွက်မယ်လို့ စဉ်းစားထားတယ်။ ပြီးရင် ဘန်နီဖြိုး ခွေထွက်ပြီးရင် ကျွန်တော့်ခွေသစ် ထွက်မယ်လို့ စဉ်းစားထားတယ်။
မေး - တစ်ကိုယ်တော်ခွေက လုပ်နေရင်းနဲ့ ကြာသွားတဲ့အခါ ခံစားမှုတွေလည်း ပြောင်းလာတယ်လေ။ အဓိက ဘယ်လိုအရာတွေ ပြောင်းလဲ ဖန်တီးဖြစ်လဲ။
ဖြေ - ခေတ်ရေစီးကြောင်းက ပြောင်းလာတဲ့အခါ ကြိုက်နေတဲ့ ဂီတပုံစံတွေလည်း ပြောင်းလဲလာတယ်။ ကြိုက်နေတဲ့ ဂီတဖန်တီးမှုတွေလည်း ပြောင်းလာတယ်။ စန္ဒရားသံ အစား ဒရမ်သံကို ပြောင်းကြိုက်တယ် ဆိုတာမျိုးပေါ့။ အဓိကတော့ ခေတ်ရေစီးနဲ့ လိုက်လျောညီထွေ ဖြစ်လာတာပေါ့။ အချိန်ကြာလာတဲ့ အလျောက်တော့ အတိုင်းအတာ တစ်ခုအထိ ရင့်ကျက်လာတဲ့ ခံစားမှုတွေ ရှိပါတယ်။ တစ်ဖက်က ကြည့်ရင်လည်း တည်တည်ငြိမ်ငြိမ် နေတာမျိုးထက် လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးနေပြီး မရင့်ကျက်သေးတဲ့ ခံစားမှုတွေလည်း ရှိတယ်။ သီချင်းရေးတဲ့ အချိန်မှာတော့ အဲဒါကို အရိုးသားဆုံးပေါ့။ ကိုယ့်ခံစားမှုကို ခံစားရတဲ့ အတိုင်း ရေးလိုက်ရတာ ဆိုလိုက်ရတာကို ပိုပြီး ကြိုက်ပါတယ်။
မေး - ရှေ့လထဲမှာ ၀တ်မှုန်ရွှေရည်နဲ့ တွဲဖက်ပြီး ဇာတ်ကားရိုက်ဖြစ်မယ့် အကြောင်းလည်း ပြောပြပါဦး။
ဖြေ - ထုတ်လုပ်ရေး အသစ် ဖြစ်ပါတယ်။ ဒါရိုက်တာက ကိုကောင်းဇံပါ။ MRTV 4 မှာ ဇာတ်လမ်းတွဲတွေ ရိုက်နေတဲ့ သူတစ်ယောက်ပါ။ သူနဲ့ လက်တွဲရမှာ အရမ်းကြိုက်တယ်။ ရင်ခုန်နေပါတယ်။ မင်းသမီး အနေနဲ့ ၀တ်မှုန်ရွှေရည်ကို ရွေးထားတယ်။ ဇာတ်လမ်းအားဖြင့်ရော ဇာတ်ကောင်အားဖြင့်ပါ ကိုက်ညီတယ်လို့ ထင်ပါတယ်။ စက်တင်ဘာလထဲမှာ အင်းလေးမှာ သွားရိုက်မှာပါ။ ဆရာမ ပုညခင်ရဲ့ ၀တ္ထုပါ။
မေး - From Bangkok to Mandalay ဇာတ်ကားကလည်း အောက်တိုဘာမှာ ရုံတင်တော့မယ်။ ထိုင်းက အနုပညာရှင်တွေနဲ့ တွဲဖက် ရိုက်ကူးထားတာ ဆိုတော့ ဘယ်လို ထူးခြားမှုတွေ ရှိလဲ။
ဖြေ - ထူးခြားမှုတွေ အများကြီး ရှိပါတယ်။ ပထမဆုံး အနေနဲ့ ထိုင်းက ထုတ်လုပ်ရေးနဲ့ အနုပညာရှင်တွေနဲ့ တွဲဖက်ရိုက်ကူးတဲ့ ဇာတ်ကား ဖြစ်ပါတယ်။ ဇာတ်ကားက ရုံမတင်ခင်မှာ တည်းဖြတ်ပြီးတဲ့ အချိန်မှာ ကြည့်ရသလောက် Review ကောင်းကောင်း ကြားရပါတယ်။ ကျွန်တော့်အတွက်တော့ ပထမဆုံး နိုင်ငံခြား အနုပညာရှင်တွေနဲ့ တွဲပြီး အလုပ်လုပ်ရတာလည်း ဖြစ်တယ်။ အင်္ဂလိပ်လိုပြောပြီး သရုပ်ဆောင်ရတာလည်းဖြစ်တော့ အခက်အခဲတွေရော၊ အမှတ်တရတွေလည်း အများကြီးပါပဲ။ အားသာချက်ကတော့ နှစ်နိုင်ငံလုံးရဲ့ ဈေးကွက်ကို ရည်ရွယ်တာဖြစ်လို့ ဈေးကွက် ပိုကြီးပါတယ်။ ဈေးကွက် ပိုကြီးသလို ထုတ်လုပ်မှု ကုန်ကျစရိတ် အသုံးပြုမှုလည်း ပိုများပါတယ်။ အနုပညာပိုင်း အရတော့ ဘယ်ဟာပိုကောင်းတယ်လို့ ပြောလို့ မရပါဘူး။
မေး - အချစ်ရေးနဲ့ ပတ်သက်လို့ ပြောပြချင်တာများ ရှိမလား။
ဖြေ - အထွေအထူးတော့ ပြောစရာ မရှိပါဘူး။ Status တင်တယ် ဆိုတာကလည်း ခံစားချက်တွေလို့ ပြောလို့လည်း ရသလို စာတိုပေစတွေ ရေးရတာ ၀ါသနာပါတာကြောင့်ပါ။
Writer:
လင်းလင်းခိုင်
No comments:
Post a Comment