Tuesday, August 16, 2016

အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် နယ်နိမိတ် တိုင်းတာမှု မပြီးပြတ်သေးကြောင်းနှင့် နောင်လာနောက်သားများအတွက် အမွေကောင်းချန်ထားနိုင်ရန် နယ်နိမိတ် တိုင်းတာရေး ကိစ္စများကို အမြန်ဆုံး ဆောင်ရွက်နိုင်ရေး ပြင်ဆင်နေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန လွှတ်တော်၌ ရှင်းလ

အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် နယ်နိမိတ် တိုင်းတာမှုများ မပြီးပြတ်သေးကြောင်းနှင့် နောင်လာနောက်သားများအတွက် အမွေကောင်း ချန်ထားနိုင်ခဲ့နိုင်ရန် နယ်နိမိတ် တိုင်းတာရေး ကိစ္စများကို အမြန်ဆုံး ဆောင်ရွက်နိုင်ရေး ပြင်ဆင်မှု ပြုလုပ်လျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးကျော်တင်က ပြည်သူ့လွှတ်တော်၌ ရှင်းလင်း ပြောကြားသည်။

ဒုဝန်ကြီးဦးကျော်တင်က နေပြည်တော်တွင် သြဂုတ် ၁၅ ရက်က ပြုလုပ်သည့် ပြည်သူ့ လွှတ်တော် အစည်းအဝေး၌ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်၏ မေးခွန်းအား ဖြေကြားရာတွင် အထက်ပါကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်က ‘ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အနေဖြင့် နယ်နိမိတ် တိုင်းတာမှု မပြီးပြတ်သေးသော နိုင်ငံများနှင့် သံတမန် လမ်းကြောင်းမှတစ်ဆင့် နှစ်ဖက်ညှိနှိုင်းပြီး တိုင်းတာသတ်မှတ်ရန် အစီအစဉ်ရှိ၊ မရှိ’ တို့နှင့် ပတ်သက်၍ မေးမြန်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မေးခွန်းနှင့် ပတ်သက်၍ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးကျော်တင်က မြန်မာနိုင်ငံအနေဖြင့် နယ်နိမိတ် တိုင်းတာမှု မပြီးပြတ်သေးသော အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် နယ်နိမိတ် တိုင်းတာရေးအတွက် သံတမန် လမ်းကြောင်းမှတစ်ဆင့် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် ၁၃၄၈ မိုင်၊ လာအိုနိုင်ငံနှင့် ၁၄၉ မိုင်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် ၁၆၈ မိုင်၊ အိန္ဒိယနိုင်ငံနှင့် ၁၀၁၀ မိုင်၊ ထိုင်းနိုင်ငံနှင့် ၁၃၁၈ မိုင် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိကြောင်း၊ လွတ်လပ်ရေးရပြီးနောက် အဆိုပါ နယ်နိမိတ်များကို မြန်မာအစိုးရသည် ဗြိတိသျှတို့ထံမှ နိုင်ငံတကာ အမွေဆက်ခံခြင်း ဥပဒေအရ လွှဲပြောင်းရယူခဲ့ခြင်းဖြစ်ကြောင်း ဦးကျော်တင်က ရှင်းလင်း တင်ပြသည်။

“မြန်မာ-အိန္ဒိယ နယ်နိမိတ်နှင့် ပတ်သက်၍ ၁၀.၃.၁၉၆၇ ရက်တွင် နယ်နိမိတ် တိုင်းတာသတ်မှတ်ရေး စာချုပ်ချုပ်ဆိုပြီး သတ်မှတ်ခဲ့ရာ အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ် မိုင် ၁၀၁၀ ထိစပ်လျက်ရှိသည့်အနက် ကဘော်ချိုင့်ဝှမ်းဒေသမှာ မြေပုံနဲ့မြေပြင် ကွဲလွဲမှုကြောင့် ၂၄ မိုင်အတွက်ကို မှတ်တိုင်ကိုးတိုင် စိုက်ထူရန်နဲ့ မြောက်ဘက်စွန်းရှိ မြန်မာ-အိန္ဒိယ-တရုတ် သုံးနိုင်ငံ ဆုံမှတ် ၇၉ မိုင်ခန့်သာ သတ်မှတ်ဖို့ ကျန်ရှိပါတယ်။ သုံးနိုင်ငံဆုံမှတ် သတ်မှတ်ရေး ကိစ္စကတော့ အိန္ဒိယနဲ့ တရုတ်နိုင်ငံ အကြားမှာ အငြင်းပွားနေဆဲ ဖြစ်တာကြောင့်မို့လို့ အဆိုပါ နှစ်နိုင်ငံအကြား ပြေလည်မှု ရရှိမှသာ ကျန်တဲ့ ၇၉ မိုင်ကိစ္စကို ဆက်လက် ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်” ဟု နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ဒုတိယ ၀န်ကြီး ဦးကျော်တင်က ပြောကြားသည်။

ကဘော်ချိုင့်ဝှမ်း၌ မှတ်တိုင်ကိုးတိုင် စိုက်ထူရန် ကိစ္စနှင့်ပတ်သက်၍ အိန္ဒိယဘက်မှ အဆိုပြုချက် အသစ်ကို ပေးမည်ဖြစ်ကြောင်း အဆိုပြုချက် အသစ်ရရှိပါက နှစ်ဖက်ကွင်းဆင်း စစ်ဆေးသွားရန်ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မြန်မာ-ထိုင်း နယ်နိမိတ်နှင့် ပတ်သက်၍ ၁၈.၆.၁၉၉၁ ရက်တွင် အရှည် ၃၆ မိုင်ရှိ မဲဆိုင်-မဲဟောက်ချောင်းကိုသာ စနစ်တကျ ပြန်လည် သတ်မှတ်နိုင်ခဲ့ကြောင်း၊ ကျန်ရှိနေသေးသည် နယ်နိမိတ် အစိတ်အပိုင်းများကို စနစ်တကျ ပြန်လည် သတ်မှတ်နိုင်ရန် ၁၉၉၃ ခုနှစ်တွင် ပူးတွဲနယ်နိမိတ် ကောင်မတီ ဖွဲ့စည်းခဲ့ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိဘဲ ရပ်ဆိုင်းထားခဲ့ရကြောင်း၊ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ လအထိ (၈) ကြိမ်မြောက် အစည်းအဝေး ကျင်းပခဲ့ကြောင်း၊ ယင်းအစည်းအဝေးတွင် နယ်နိမိတ်အား အပိုင်းလိုက် တိုင်းတာ သတ်မှတ်သွားရန်နှင့် ပထမအဆင့် အနေဖြင့် တောင်ဘက်စွန်းရှိ ပတ်ချန်မြစ်နှင့် ယင်း၏မြောက်ဘက်ကုန်းပိုင်း စုစုပေါင်း မိုင် ၂၀၀ ခန့်ကို တိုင်းတာနိုင်ရေးအတွက် ကောင်းကင် ဓာတ်ပုံရိုက်ကူးရေး၊ မြေပုံထုတ်လုပ်ရေးနှင့် နယ်နိမိတ် တိုင်းတာရေး သဘောတူညီချက် MoU ရေးဆွဲချုပ်ဆိုနိုင်ရေးတို့ကို ဆောင်ရွက်သွားရန် ညှိနှိုင်းခဲ့ကြောင်း၊ လက်ရှိတွင် အဆိုပါ နှစ်ဖက်ညှိနှိုင်းထားသည့် ကိစ္စကို ယခုနှစ် ပွင့်လင်းရာသီတွင် အကောင်အထည်ဖော်ရန် မြန်မာ-ထိုင်းပူးတွဲ နယ်နိမိတ် ကော်မတီ (၉) ကြိမ်မြောက် အစည်းအဝေးကို မြန်မာနိုင်ငံတွင် ကျင်းပနိုင်ရေးအတွက် သံတမန် လမ်းကြောင်းမှတစ်ဆင့် ညှိနှိုင်းဆောင်ရွက်လျက် ရှိကြောင်း ဒုဝန်ကြီး ဦးကျော်တင်က ပြောကြားသည်။

“ယခုအခါမှ မြန်မာ-ထိုင်းနယ်စပ်ဒေသမှာ ငြိမ်းချမ်းရေး အခြေအနေ တိုးတက် ကောင်းမွန်နေပြီဖြစ်တဲ့အတွက် ယခင်က နယ်မြေ လုံခြုံရေးကြောင့် မတိုင်းတာနိုင်ခဲ့တဲ့ နယ်နိမိတ်တွေကို ပြန်လည်စတင် တိုင်းတာရေးအတွက် ထိုင်းနိုင်ငံ အစိုးရနဲ့ ယခုနှစ်အတွင်းမှာ အမြန်ဆုံး စတင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နောင်လာနောက်သားတွေ အားလုံးအတွက် အမွေကောင်းထားနိုင်ဖို့အတွက် နယ်နိမိတ် တိုင်းတာရေး ကိစ္စတွေကို အချိန်ဆိုင်း မထားဘဲနဲ့ ဆောင်လျင်စွာ စတင်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် သက်ဆိုင်ရာ ဌာနနဲ့ ပူးပေါင်း ဆောင်ရွက်ပြီးတော့ လိုအပ်သော ပြင်ဆင်မှုများကို ပြုလုပ်လျက် ရှိပါတယ်” ဟု ဒုဝန်ကြီးဦးကျော်တင်က ရှင်းလင်း တင်ပြသည်။
Writer: 
မျိုးမင်းထက်

No comments: