မြန်မာနိုင်ငံတွင်
အလေးစား အခံရဆုံး နိုင်ငံရေးသမား တစ်ဦးဖြစ်သည့် SNLD ခေါင်းဆောင်
ဦးခွန်ထွန်းဦး၏ ပြင်းထန်သော ကြေညာချက် တစ်ရပ် ထွက်ပေါ်လာသောအခါ
အကွဲအပြဲမှာ အထွတ်အထိပ်သို့ ရောက်သွားရတော့သည်။ အမြဲတစေပင် NLD ကို
စွဲစွဲမြဲမြဲ ထောက်ခံ အားပေးခဲ့သည့် လူမျိုးစု လူနည်းစု ပါတီများ
အစုအဖွဲ့ဖြစ်သော “ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့” အစည်းအဝေးတွင်
ပြောကြားခဲ့သော မိန့်ခွန်းတွင် ဦးခွန်ထွန်းဦးက ယခုလို ပြောကြားခဲ့သည်။
“အခုဆိုရင် လူမျိုးစုတွေ အနေနဲ့ NLD ကို အားကိုးလို့ မဖြစ်တော့ဘူး။
ကိုယ့်ကိုယ် ကိုယ်ပဲ အားကိုးရတော့မယ်”ဟူ၏။
ငြိမ်းချမ်းရေး
ဖြစ်စဉ်နှင့် ပတ်သက်လျှင် အစိုးရသစ်နှင့် လူမျိုးစု ခေါင်းဆောင်များကြား
မယုံကြည်မှုမှာ ပို၍ပင် အပြန့် ကျယ်လာခဲ့ပါသည်။ ဧပြီ ၂၇ ရက်တွင်
ဒေါ်အောင်ဆန်းစုကြည်က မပြတ်မသား မရေမရာ အဓိပ္ပာယ် ဖွင့်ဆိုထားသော “၂၁ ရာစု
ပင်လုံကွန်ဖရင့်”ဆိုသည်ကို နှစ်လအတွင်း ကျင်းပမည်ဟု ကြေညာခဲ့သည်။ မည်သည့်
လက်နက်ကိုင်အုပ်စု၊ မည်သည့် နိုင်ငံရေး ခေါင်းဆောင်နှင့်မှ
ကြိုတင်ညှိနှိုင်းခြင်း မရှိဘဲ ဤသို့ ကြေညာလိုက်သည်ဖြစ်ရာ အဆိုပြုချက်သစ်၏
အနှစ်သာရပိုင်းရော ကြေညာပုံ ကြေညာ နည်းတွင်ပါ စိုးရိမ်မကင်း ဖြစ်စရာများ
ထွက်ပေါ်လာသည်။ ဤသို့ ကြေညာပြီး တစ်လမျှအကြာတွင် “တစ်ပြည်လုံး အတိုင်းအတာ
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်”(NCA) လက်မှတ် ရေးထိုးထားသည့် အကြီးဆုံး
လက်နက်ကိုင်တပ်ဖွဲ့ တစ်ခုဖြစ်သည့် “ရှမ်းပြည် တပ်မတော် တောင်ပိုင်း”
ခေါင်းဆောင်ဖြစ်သူက ယခုလို ထုတ်ဖော် ပြောဆိုခဲ့သည်။
“ဒီကွန်ဖရင့်ဟာ
ဘယ်လိုဖြစ်မလဲ ဆိုတာ ကျွန်တော် အသေးစိတ် မသိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်
အနေနဲ့ ဘယ်အချက်တွေ အပေါ်မှာ အလုပ်လုပ်မယ်၊ ဒါကို ဘယ်လိုရင်ဆိုင်မယ်
ဆိုတာလည်း ကျွန်တော်တော့ စဉ်းစားလို့ မရဘူး။ ကျွန်တော် စိုးရိမ်တာက သူမ
အနေနဲ့ နားလည်မှု လွဲပြီး မှားမှားယွင်းယွင်း လုပ်မိမှာကိုပဲ။ တကယ်လို့
ဒီကွန်ဖရင့်သာ မှားသွားခဲ့ရင် ပြည်ထောင်စုရဲ့ အနာဂတ်အပေါ်မှာ သက်ရောက်မှု
ရှိနိုင်တယ်”
ယခု လောလောဆယ်တွင်
ရခိုင်ပြည်နယ်နှင့် အခြား နေရာများတွင် တပ်မတော်နှင့် တိုက်ပွဲများ
ဖြစ်ပွားနေသော AA အဖွဲ့၏ တပ်မှူးကလည်း ၂၁ ရာစု ပင်လုံနှင့် ပတ်သက်ပြီး
အပြည့်အဝ ယုံကြည်လို့ မရကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ သူ၏ စိုးရိမ်မကင်း
ဖြစ်ရမှုများမှာ အစိုးရ၏ အခြား ပါတီများနှင့် ညှိနှိုင်း တိုင်ပင်ပုံဆိုင်ရာ
ကိုင်တွယ်မှု၊ ရခိုင်ပြည်နယ် တွင် တစ်ဖက်သတ်ပြုမူ လှုပ်ရှားနေသည့်
သဘောထားအမြင် စသည်တို့နှင့် ဆက်စပ်နေပါသည်။ “အခု လောလောဆယ်မှာ ဗဟို
အစိုးရရဲ့ ပြည်နယ်တွေမှာ အလုပ်လုပ်ပုံဟာ ဖက်ဒရယ် အပြုအမူနဲ့ စီမံခန့်ခွဲတာ
မဟုတ်ဘူး။ ဒီတော့ ငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်ရှိ အစိုးရ
သက်တမ်းအတွင်း လက်မှတ် ရေးထိုးနိုင်လိမ့်မယ်လို့ အပြည့်အဝ ယုံကြည်လို့
မရသေးဘူး”ဟု သူက ထုတ်ဖော် ပြောဆိုခဲ့သည်။ “ကချင်လွတ်လပ်ရေးအဖွဲ့”၏
အဆင့်မြင့် ကိုယ်စားလှယ် တစ်ဦးကမူ ၂၁ ရာစု ပင်လုံကို သတိကြီးကြီးနှင့်
ကြိုဆိုခဲ့သည်။ သို့နှင့်တိုင် ရှမ်းနှင့် ကချင်ပြည်နယ်တို့တွင်
အရှိန်မြင့် လာနေသော တိုက်ပွဲများနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်ဘက်မှ
မည်သို့မျှ ထုတ်ဖော် ပြောဆိုခြင်း မရှိသည့်အတွက်မူ သံသယနှင့်
စိုးရိမ်မှုများ ရှိသည်ဟု ထုတ်ဖော် ပြောဆိုခဲ့သည်။
လက်နက်ကိုင်အုပ်စု
ခေါင်းဆောင်များကြား ငုပ်နေသော စိုးရိမ်မကင်း ဖြစ်မှုမှာ “အခြားသော
ပြဿနာများတွင် သဘောကွဲလွဲမှုများ ရှိသည့်တိုင် ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့်
ပတ်သက်လျှင်မူ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကြား သဘောတူညီမှု
ရှိနိုင်သည်ဆိုသော အချက်ကို သတိမူမိ တွေးဆ မိသောကြောင့်” ဖြစ်နိုင်ပါသည်။
အမှန်စင်စစ် ဤစိုးရိမ်မကင်း ဖြစ်မှုမှာ ပြဿနာတော့လည်း မဟုတ်ပါချေ။
ပြောရလျှင် ပူးပေါင်း ဆောင်ရွက်မှုအား နည်းခြင်း၊ အရေးကြီးသော
သဘောကွဲလွဲမှုများ ရှိခြင်း စသော ပြဿနာများကသာ ငြိမ်းချမ်းရေး ဖြစ်စဉ်
တစ်ခုလုံးကို ဆုံးခန်းတိုင် စေလောက်သည့် တကယ့် ပြဿနာ ဖြစ်ပါသည်။
လက်နက်ကိုင်အုပ်စု ခေါင်းဆောင်များ၏ စိုးရိမ်မှုမှာ ယခုလိုဖြစ်သည်။ အကယ်၍သာ
ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်တို့ ပေါင်းစည်းမိလျှင် ပေါ်ပြူလာ
တရားနည်းလမ်းကျမှုရော လုပ်ပိုင်ခွင့် အာဏာပါ ပြည့်စုံသွားပြီဖြစ်၍ ဤသို့သော
တပ်ပေါင်းစုမျိုးနှင့် ညှိနှိုင်း ဆွေးနွေးဖို့ မဖြစ်နိုင်ဟု စိုးရိမ်မကင်း
ဖြစ်နေကြခြင်းသာ ဖြစ်ပါသည်။ သို့နှင့်တိုင် အဆိုပါ စိုးရိမ်မှု
သက်သက်ကြောင့်တော့ ငြိမ်းချမ်းရေး ဖြစ်စဉ်၏ အပြုသဘော ဆောင်သော
အရှိန်အဟုန်ကို အတားအဆီး ဖြစ်နိုင်လိမ့်မည် မဟုတ်ပါ။ ၂၁ ရာစု
ပင်လုံကွန်ဖရင့်ကို သြဂုတ်နှောင်းပိုင်းတွင် ကျင်းပဖို့ သတ်မှတ်ထားသည်။
သို့တစေ အတိအကျ ရက်သတ်မှတ်ထားသည် မဟုတ်ရာ ထို့ထက်လည်း နောက် ကျကောင်း
နောက်ကျသွားနိုင်သည်။
(ဃ) အခြား အီလစ်များနှင့် ဆက်ဆံရေး
အစိုးရသစ်နှင့်
နိုင်ငံရေး အီလစ်ဟောင်းများကြား ဆက်ဆံရေးမှာလည်း အရောရော အထွေးထွေး ဟူ၍ပင်
ဆိုရပါလိမ့်မည်။ ယခင်အစိုးရ “ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ” (USDP) အစိုးရမှာ ရွေးကောက်ပွဲတွင် ခွက်ခွက်လန်
ရှုံးသွားခဲ့ရာ တစ်ပြည်လုံး အတိုင်းအတာ ဥပဒေပြု လွှတ်တော်၏ အမတ်နေရာ ၆
ရာခိုင်နှုန်းမျှသာ ရရှိခဲ့သည်။
၂ဝ၁၅ ခုနှစ်
သြဂုတ်လ သန်းခေါင်ယံအချိန် အင်အားသုံး ဖြုတ်ချရန် ကြံစည်ရာမှ
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းမှာ ၎င်း၏ USDP ပါတီတွင်း အဆင့်နေရာမှ ဖယ်ရှား
ခံလိုက်ရသည်။ သို့တစေ ဦးရွှေမန်းမှာ ပါတီဝင် အဖြစ်ရော ရွေးကောက်ပွဲ
အမတ်လောင်း အနေနှင့်ပါ ဆက်လက် ရှိနေခဲ့သည်။ ဤသည်ပင် ကာလတာရှည်ကတည်းက
ရှိနေခဲ့သော ဦးရွှေမန်းနှင့် သမ္မတ ဦးသိန်းစိန်တို့ ဦးဆောင်ကြသည့် ဂိုဏ်း
နှစ်ဂိုဏ်း တင်းမာမှု၏ နောက်ဆုံးရလဒ် ဖြစ်လာခဲ့သည်။ သူတို့ နှစ်ယောက်ကြား
ပဋိပက္ခသည်ပင် ဥပဒေပြု အာဏာနှင့် အုပ်ချုပ်ရေး အာဏာကြား ပွတ်တိုက်မှုအဖြစ်
ပုံရိပ် ထင်လာခဲ့သည်။ သမ္မတ ဦးသိန်းစိန်နှင့် သူ၏ မဟာမိတ်များ၏
ကြိုးပမ်းချက် မှန်သမျှကို ဦးရွှေမန်းက တောက်လျှောက် ဆိုသလို
ကန့်ကွက်ခဲ့ရာမှ အခြေအနေမှာ တင်းတင်းမာမာ ဖြစ်လာခဲ့သည်။ ပြီးခဲ့သည့်
ရွေးကောက်ပွဲ ကာလ ဖော်ပြချက်အရ တပ်မတော်မှလာသော အငြိမ်းစား
အရာရှိကြီးများမှာ သမ္မတ ဦးသိန်းစိန်ဘက်မှ ရပ်တည်ခဲ့ကြသည်။ USDP ပါတီဝင်
တော်တော်များများ အနေနှင့်မူ ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏
အလွန် နီးကပ်သော ဆက်ဆံရေးကြောင့် စိတ်မသက်မသာ ဖြစ်ကြရသည်။ သူတို့၏အမြင်တွင်
ဒေါ်အောင်ဆန်းစုကြည်က ဦးရွှေမန်းကို သမ္မတ အမည်စာရင်း တင်လိမ့်မည်လားဟု
စိုးရိမ်မကင်း ဖြစ်နေကြသည်။ ထို့နောက် တစ်ဖန် ဒေါ်အောင်ဆန်းစုကြည်
ရပ်တည်ကာကွယ် ပေးနေသည့် အခြေခံ ဥပဒေပြင်ဆင်ရေး အဆိုပြုချက်ကို ဦးရွှေမန်းက
ထောက်ခံလာရာ တပ်မတော်သား လွှတ်တော်အမတ်များ ကိုယ်တိုင်က ဦးရွှေမန်းအပေါ်
အမြင် မကြည် ဖြစ်လာသည်။ သူတို့ မထောက်ခံသရွေ့ အခြေခံဥပဒေကို ပြင်လို့
မရကြောင်း သိနေကြသော်လည်း ဗီတို အာဏာသုံး၍ တားဆီးရသည်ကိုမူ ကသိကအောက်
ဖြစ်ကြဟန် တူပါသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့်
ဦးရွှေမန်းတို့၏ မဟာမိတ်အဖွဲ့မှာ ရွေးကောက်ပွဲပြီးသည်အထိ ဆက်လက်
တည်ရှိနေခဲ့သည်။ ဦးရွှေမန်း၏ သမ္မတ ဖြစ်ရေး ရည်မှန်းချက်မှာ ပျက်ပြယ်
သွားခဲ့သော်လည်း ယခင်အောက် လွှတ်တော် ပြောရေးဆိုခွင့်ရှိသူကို ဖေဖော်ဝါရီ ၅
ရက်နေ့တွင် “ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ ကော်မရှင်” ဥက္ကဋ္ဌအဖြစ်
ခန့်ထားခဲ့ပါသည်။ ဤကော်မရှင်မှာ သြဇာကြီးသော ဥပဒေပြုရေးဆိုင်ရာ
အကြံပေးအဖွဲ့ပင် ဖြစ်သည်။ ဦးရွှေမန်း၏ ပုဂ္ဂိုလ်ရေး သြဇာနှင့် လျော့ရဲရဲ
စကားလုံးများဖြင့် အဓိပ္ပာယ် ဖွင့်ထားသော ကော်မရှင် လုပ်ပိုင်ခွင့်များအရ
USDP နှင့် တပ်မတော် ခေါင်းဆောင်များမှာ ဦးရွှေမန်း၏ အခန်းကဏ္ဍကို
စိုးရိမ်မကင်း စောင့်ကြည့်နေကြသည်။ ဦးရွှေမန်းအနေနှင့် ဥပဒေပြု
လွှတ်တော်အပေါ် ဘယ်ရွေ့ဘယ်မျှ သြဇာ ညောင်းသည်၊ ဒေါ်အောင်ဆန်းစုကြည်အပေါ်
ဘယ်ရွေ့ဘယ်မျှ သြဇာ ညောင်းသည် ဆိုသည်ကို သတိကြီးကြီး စောင့်ကြည့်နေကြသည်။
သမ္မတ ဦးထင်ကျော်က ဦးရွှေမန်း၏ USDP ပါတီဝင် အရင်းနှီးဆုံး မဟာမိတ်
နှစ်ဦးကို သူ၏ဝန်ကြီးအဖွဲ့တွင် ထည့်သွင်းလိုက်သောအခါ ဆိုခဲ့ပါ
စိုးရိမ်မကင်းမှုများမှာ ပို၍ အရှိန် မြင့်လာခဲ့သည်။ ဧပြီ ၂၂ ရက် အစိုးရ
အဖွဲ့ဟောင်း သက်တမ်းကုန်ပြီး မကြာခင်မှာပင် ဦးသိန်းစိန်က USDP ဥက္ကဋ္ဌ
တာဝန်ကို ပြန်ယူလိုက်ကာ ဦးရွှေမန်းနှင့် ပါတီထိပ်တန်း ခေါင်းဆောင် ၁၆
ဦးကို ပါတီမှ ထုတ်ပစ်လိုက်သည်။ သူတို့ထဲတွင် USDP ဝန်ကြီး နှစ်ဦးနှင့်
ဦးရွှေမန်း၏ အထူး ကော်မရှင်အဖွဲ့ဝင်များ ပါသည်။ သည်လိုနှင့် ယခင်
ရှိရင်းစွဲ စိုးရိမ်သောကများကို ဦးရွှေမန်း အနေနှင့် ပါတီခေါင်းဆောင်မှုကို
ပြန်လည် ရယူဖို့ ကြိုးစားလာချေမည်လား ဆိုသော စနက်တံက မီးကူးပေးလိုက်သလို
ဖြစ်သွားပါတော့သည်။
ဦးရွှေမန်းနှင့် အတိုက်အခံ
USDP ဂိုဏ်းကြားရှိနေသော မလို မုန်းထားမှုများမှာ ဒေါ်အောင်ဆန်းစုကြည်၏
အီလစ်ဟောင်းများနှင့် ဆက်ဆံရေးအပေါ် နောက်ထပ် ရှုပ်ထွေးမှုများ ရှိကောင်း
ရှိလာနိုင်သည်။ အန္တရာယ် တစ်ခုတော့ ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်အနေနှင့်
ဤအန္တရာယ်ကို ရှောင်နိုင်ဖို့ အရေးကြီးပါသည်။ ယခုအခါ USDP ၏ ဥပဒေပြုရေးမှာ
အစွမ်းအစ မရှိတော့သည့်တိုင် ထိန်းညှိရေး အာဏာအနေနှင့်ကား ရှိနေဆဲ
ဖြစ်ပါသည်။ ထို့ထက် ပို၍ အရေးကြီးသည်မှာ ဒေါ်အောင်ဆန်းစုကြည်၏
ဦးရွှေမန်းအပေါ် ထောက်ခံမှုမှာ သူမနှင့် ကာကွယ်ရေး ဦးစီးချုပ်တို့၏
ဆက်ဆံရေးအပေါ် ထိခိုက်ကောင်း ထိခိုက်လာနိုင်စရာ ရှိသည့်ကိစ္စပင် ဖြစ်သည်။
သို့နှင့်တိုင် ယခုလောလောဆယ်တွင်မူ သူမကိုယ်တိုင်က ယခင် အောက်လွှတ်တော်
ပြောရေးဆိုခွင့်ရှိသူနှင့် တမင် ခပ်ခွာခွာနေကြသည့် ဖော်ပြချက်များရှိရာ
ဆိုခဲ့ပါ ဖြစ်နိုင်ခြေမှာ သိသိသာသာ လျော့ပါးနေပါသည်။ ပြောရလျှင်
ငြိမ်းချမ်းရေး ဖြစ်စဉ်တွင်လည်း ဤအတိုင်းပင်ဖြစ်သည်။ ဦးရွှေမန်းအနေနှင့်
သော့ချက်ကျသည့် ကော်မတီများတွင် သူ့လူများကို ခန့်ထားရန် ကြိုးပမ်းမှုအချို့
ရှိသလောက် ရှိသည်ဟုသိရသည်။ သို့တစေ ယခုအချိန်အထိ အောင်မြင်မှုတော့ မရခဲ့ပါ။
အကယ်၍ အောင်မြင်ခဲ့လျှင် တပ်မတော်၏ ငြိုငြင်မှုနှင့် ရင်ဆိုင်ရဖွယ် ရှိသည်။
ဆက်လက် ဖော်ပြပါမည်။
ကျော်ဝင်း
No comments:
Post a Comment