Tuesday, August 23, 2016

ထန်တလန်မြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အိမ်ပြို၍ ကလေးတစ်ဦးသေဆုံး

 


ထန်တလန် သြဂုတ် ၂၂

ထန်တလန်မြို့နယ်တွင် သြဂုတ် ၂ဝ ရက်ကစ၍ သြဂုတ် ၂၁ ရက် အထိ မိုး သည်းထန်စွာ အဆက်မပြတ်ရွာသွန်း မှုကြောင့် သြဂုတ် ၂၁ ရက် နံနက်ပိုင်းက ထန်တလန်မြို့နယ် ထန်ဇန်းကျေးရွာ အုပ်စု ဖုန်ကကျေးရွာတွင် လူနေအိမ် နှစ်လုံး ပြိုကျပြီး အသက် ငါးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့ ကြောင်း သိရသည်။
''ဖုန်က ကျေးရွာက အိမ်မြေပြိုလို့ ကလေးမ တစ်ဦးသေဆုံးတဲ့ သတင်းကြား ကြားချင်းပဲ ကူညီကယ်ဆယ်ရေးလုပ်ဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိ သူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြို့နယ် မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ သွားခဲ့ပါ တယ်။ ထန်တလန်မှ ၃ မိုင် ၄ ဖာလုံ နဲ့ ၅ ဖာလုံအကြား ပေ ၅ဝ အရှည်၊ အကျယ် ၁၂ ပေရှိတဲ့ လာဗားချောင်း သံပေါင်သစ်သားတံတားက ပျက်စီးသွား တဲ့အခါကျတော့ ဆက်သွားလို့မရဘူးဖြစ် တယ်''ဟု မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့အတူ ထန်တလန်မြို့ အမှတ် (၂) ရပ်ကွက်ရှိ ဦးရုန်လိန်းနှင့် ဦးလာလ် ထီယိုတို့နေအိမ် ၊ အမှတ် ( ၃ ) ရပ်ကွက်ရှိ ဦးထောင်အုပ်တို့ နေအိမ်မှာလည်း ပြိုကျ မည့်အခြေအနေမှာရှိနေသဖြင့် မြို့နယ် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများနှင့် ပြည်သူများ ပူးပေါင်း၍ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နိုင်ရေး အတွက် ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ထားကြောင်း၊ နေအိမ်ပြိုကျမှု များအပြင် ထန်တလန်မြို့နယ်၏ အဓိက ထွက်ပေါက်ဖြစ်သော ထန်တလန်-ဟားခါးလမ်းမှာလည်း ပျက်စီးသွားပြီး သြဂုတ် ၂၁ ရက် ညနေ ၅ နာရီအထိ ရရှိသော သတင်းအရ ကျေးရွာချင်းဆက် လမ်း ၁၈ နေရာတွင် လမ်းပေါ်မြေပြိုမှုနှင့် လမ်းသားပဲ့ကျမှုများ ဖြစ်ပွားကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

( မြို့နယ် ပြန်/ဆက် )
Myanmaalinn

No comments: