Tuesday, August 23, 2016

ရေစိုမှာကြောက်လို့ ပွေ့ချီခိုင်းတဲ့ အိန္ဒိယက ပြည်နယ်ဝန်ကြီးချုပ် လှောင်ပြောင်ပြစ်တင်ခံရ

အိန္ဒိယနိုင်ငံမှာ ပြည်နယ်ဝန်ကြီးချုပ်တစ်ယောက်ဟာ ရေကြီးတဲ့ဒေသကို သွားရောက်ကြည့်ရှုစဉ်မှာ ခြေကျင်းဝတ်လောက်ပဲ နစ်တဲ့ရေထဲကို မဆင်းချင်တဲ့အတွက် ရဲဝန်ထမ်းတွေကိုပွေ့ချီခိုင်းခဲ့ပါတယ်။

အဲဒီလိုရေထဲကို ဖြတ်စဉ်မှာ ပြည်နယ်ဝန်ကြီးချုပ်ကို ရဲဝန်ထမ်းတွေက ပွေ့ချီပေးခဲ့ရတဲ့ ဓာတ်ပုံဟာ အိန္ဒိယက လူမှုကွန်ရက်မီဒီယာသုံးစွဲသူတွေကြားမှာ ပျံ့နှံ့သွားခဲ့ပြီးနောက် အဲဒီ့ပြည်နယ်ဝန်ကြီးချုပ်ကို ၀ိုင်းဝန်း လှောင်ပြောင်သရော်မှုတွေ ဆက်တိုက်ဆိုသလို ပေါ်ထွက်လာပါတော့တယ်။

ရေထဲကို ဖြတ်သန်းစဉ် ၀န်ထမ်းတွေကို ပွေ့ချီခိုင်းခဲ့တဲ့သူကတော့ အိန္ဒိယနိုင်ငံအလယ်ပိုင်းက မာဒေ့ယာပရာဒက်ရှ် ပြည်နယ်ရဲ့ဝန်ကြီးချုပ် ရှီဗရာ့ဂ်ျဆင်းခ်ျချိုဟန်ပဲ ဖြစ်ပါတယ်။

ပြည်နယ်ဝန်ကြီးချုပ်ကို တချို့က လှောင်ပြောင်ခဲ့သလို တချို့က ဒေါသတကြီးနဲ့ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။လက်ရှိအချိန်မှာ အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်အများအပြားမှာ ရေကြီး၊ ရေလျှံမှုတွေဖြစ်ပွားနေပြီး မာဒေ့ယာပရက်ဒက်ရှ် ပြည်နယ်တစ်ခုတည်းမှာတင် ရေကြီးမှုနဲ့စပ်လျဉ်းပြီး သေဆုံးသူ ၁၇ ဦးအထိရှိသွားပြီဖြစ်ပါတယ်။

ဝန်ကြီးချုပ်မစ္စတာဆင်းခ်ျချိုဟန်ဟာ တခြားပြည်နယ်တွေက ၀န်ကြီးချုပ်တွေလိုပဲ သူ့ပြည်နယ်အတွင်း ရေကြီးတဲ့ဒေသတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်နေမှုတွေကို သွားရောက်စစ်ဆေးခဲ့တာဖြစ်ပေမယ့် ရေစိုမခံချင်တာကြောင့် အခုလို လှောင်ပြောင်ဝေဖန်ခံရမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာပဲ ဖြစ်ပါတယ်။

Ref : BBC

No comments: