ရန်ကုန်၊ သြဂုတ် ၁၇
တပ်မတော်
(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ လှူဒါန်းမှုဖြင့် မလေးရှားနိုင်ငံ
ထိန်းသိမ်းရေး စခန်းများရှိ မြန်မာ ၄ဝဝ ကျော်ကို စင်းလုံးငှား
လေယာဉ်များဖြင့် သြဂုတ်လ တတိယအပတ်တွင်း ပြန်လည် ခေါ်ယူမည်ဖြစ်ကြောင်း
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
''လက်ရှိမှာ
တပ်မတော်က လေယာဉ် နှစ်ခေါက်စာ အတွက်တော့ စာရင်းရပြီ။ ကျန်တဲ့အခေါက်ကတော့
မသိရသေးဘူး။ စုစုပေါင်း လေးရာကျော်တယ်''ဟု အလုပ်သမား၊ လူဝင်မှု
ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းဝင်းက
ဆိုသည်။
မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေး စခန်း
၁၁ ခုတွင် ဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ရသော မြန်မာနိုင်ငံ
လုပ်သားများအနက် မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံ လက်မှတ် ရရှိပြီးပါက
ပြန်လည် ပို့ဆောင်ပေးခြင်းဖြစ်ရာ သြဂုတ်လမှ စတင်ကာ စင်းလုံးငှား
လေယာဉ်များဖြင့် ပြန်လည် ပို့ဆောင်နေခြင်း ဖြစ်သည်။
တပ်မတော်မှ
လှူဒါန်းမှု အစီအစဉ်ဖြင့် သြဂုတ်လ ၁၇ ရက်တွင် မလေးရှားနိုင်ငံမှ
မြန်မာလုပ်သား ၁၃၈ ဦးနှင့် ကလေးငယ် တစ်ဦး ရောက်ရှိမည်ဖြစ်ပြီး သြဂုတ်လ ၁၉
ရက်တွင် ထပ်မံ၍ ၁၃၈ ဦး ပြန်ရန် စာရင်း ရရှိထားကြောင်း အလုပ်သမား၊ လူဝင်မှု
ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနထံမှ သိရသည်။
''ပြန်လာမယ့်
သူတွေကို ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာဖောင်ဒေးရှင်း (BFM) က
တစ်သိန်းစီ ထောက်ပံ့ပေးမှာပါ။ တပ်မတော်ရဲ့ လှူဒါန်းမှု အစီအစဉ်နဲ့
ပြန်ပို့တဲ့အခေါက်ရေက သုံးခေါက်ပါ။ လက်ရှိကတော့ လေယာဉ် နှစ်ကြောင်းစာ
စာရင်းတော့ ရထားပြီးပါပြီ''ဟု MAI လေကြောင်းမှ ဈေးကွက်နှင့်
ပြည်သူ့ဆက်ဆံရေးဌာန မန်နေဂျာ ဒေါ်အေးမရသာက ဆိုသည်။
အဆိုပါ
ပြန်လည် ရောက်ရှိလာသည့် အလုပ်သမားများထဲမှ အချို့ကို အလုပ်သမား၊ လူဝင်မှု
ကြီးကြပ်ရေး ဝန်ကြီးဌာနက သင့်တော်ရာ ကျွမ်းကျင် နေရာများတွင် အလုပ် ပြန်လည်
ခန့်ထားပေးရန် စီစဉ်ထားသည်။
မလေးရှား နိုင်ငံရှိ
အကျဉ်းစခန်း ၁၁ ခုတွင် အကြောင်း အမျိုးမျိုးဖြင့် ဖမ်းဆီး ခံထားရသော
မြန်မာနိုင်ငံသားများအနက် ၂၇၆ ဦးကို ၂ဝ၁၆ ခုနှစ် သြဂုတ်လ ၈ ရက်၊ ၁၂
ရက်တို့တွင် မြန်မာသံရုံးက ပြန်လည် ပို့ဆောင်ခဲ့သည်။
No comments:
Post a Comment