Thursday, August 18, 2016

MPT ဆင်းမ်ကတ်များ ပြန်လည်စာရင်းသွင်း မှတ်ပုံတင်ရမည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ထံမှ ၀ယ်ယူထားသော ဆင်းမ်ကတ်များ၏ အမည်ပေါက်စာချုပ် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ပြန်လည်စာရင်းသွင်း မှတ်ပုံတင်ရမည်ဖြစ်ကြောင်း MPT ထံမှ သိရသည်။

MPTဆင်းမ်ကတ်များဖြစ်သော ၀၉၅၁ …၊ ၄၉… ၊ ၇၃… များမှအပ ကျန် MPT ၏ ဆင်းမ်ကတ်များ အားလုံးသည် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းထံတွင် ပြန်လည်စာရင်းသွင်း မှတ်ပုံတင်ရမည် ဖြစ်ကြောင်း MPT မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

MPT ဆင်းမ်ကတ်များကို ပိုင်ဆိုင်မှု အထောက်အထား ရှိသူများအနေနှင့် စာချုပ်ပိုင်ဆိုင်သူနှင့် လက်ရှိအသုံးပြုသူ  အမည်မတူညီပါကလည်း ပြန်လည်ပြောင်းလဲ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

"စာချုပ်ရှိသူတဲ့တွေကတော့ စာချုပ်အမည်ပါ ပြန်ပြောင်းလဲနိုင်မယ်။ စာရင်းသွင်း မှတ်ပုံတင်ထားဖို့ လိုပါမယ်။ ၂၀၁၇ မတ်လအထိ မှတ်ပုံတင် မတင်ထားတဲ့ ဆင်းမ်ကတ်တွေကို လိုင်းဖြတ်တောက်ပါမယ်" ဟု ၎င်းက ပြောဆိုသည်။

လတ်တလောတွင် အစိုးရက ထုတ်ပေးထားသော သက်သေခံကတ်ပြားတစ်ခုခု (သို့မဟုတ်) ယာဉ်မောင်း လိုင်စင်၊ ကျောင်းသားကတ်နှင့် နိုင်ငံခြားသားများမှာ နိုင်ငံကူးလက်မှတ် (သို့မဟုတ်) အစိုးရက ထုတ်ပေးထားသော သက်သေခံကတ်ပြား တစ်ခုခုဖြင့် နီးစပ်ရာ MPT ဆိုင်များတွင် စာရင်းသွင်း မှတ်ပုံတင်နိုင်မည်ဖြစ်ကြောင်း MPT ထံမှ သိရသည်။

၂၀၁၆ ခုနှစ် သြဂုတ်လ ၁ ရက်နေ့က ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက မှတ်ပုံတင်ထားခြင်း မရှိသေးသော မိုဘိုင်းလ်ဆင်းမ်ကတ်များကို လိုင်းဖြတ်တောက်မည်ဟု ထုတ်ပြန် ကြေညာခဲ့ပြီးနောက်  အော်ပရေတာသုံးခုက ဆင်းမ်ကတ်များ ပြန်လည်မှတ်ပုံတင်ရန် သုံးစွဲသူများကို တိုက်တွန်းလျက်ရှိသည်။

ဆင်းမ်ကတ်များကို အွန်လိုင်း၌ အလွယ်တကူ စာရင်းသွင်း မှတ်ပုံတင်နိုင်ရန်အတွက် ၀န်ကြီးဌာနနှင့် ဆက်သွယ် ရေး အော်ပရေတာသုံးခုဖြစ်သော MPT ၊ တယ်လီနောနှင့် အူရီဒူးတို့ ပူးပေါင်း လုပ်ဆောင်လျက်ရှိသည်။

No comments: