Thursday, August 18, 2016

ဝန်ကြီးများနှင့် လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် NLD ပါတီဝင်များ အကျင့်ပျက် ခြစားပါက ပြင်းထန်စွာ အရေးယူမည်

ရန်ကုန်၊ သြဂုတ် ၁၇

NLD ပါတီဝင် အစိုးရအဖွဲ့ ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပါတီဝင်များ အကျင့်ပျက် ခြစားမှု ဖြစ်ပေါ်လာလျှင် ပြင်းထန် ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း NLD ပါတီ ပြောရေး ဆိုခွင့်ရှိသူ ဦးဝင်းထိန်က ပြောကြားသည်။

''ဗဟို စည်းကမ်းထိန်းက စည်းကမ်း ဖောက်တဲ့သူ မှန်သမျှကို စုံစမ်း စစ်ဆေးပြီး ဥပဒေအရ ထိရောက် ပြင်းထန်စွာ အရေးယူမှာ၊ အကျင့်ပျက်တာ၊ အဂတိ လိုက်စားတာတွေ အကုန် အကျုံးဝင်တယ်'' ဟု ဆိုသည်။

NLD ပါတီဝင်များသည် ပါတီ စည်းကမ်း ဖောက်ဖျက်ခြင်း၊ အကျင့်ပျက် ခြစားမှု ဖြစ်ပေါ်ခြင်းများကို ပါတီ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီမှ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ပြီး ပြင်းထန် ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း စည်းကမ်း ထိန်းသိမ်းရေး ကော်မတီထံ မှ သိရသည်။

''လူထုပါတီဆိုတဲ့ သတ်မှတ်ချက်ကို ခံယူထားရင် NLD ပါတီက လာဘ်စားတဲ့ သူတွေ အာဏာ အလွဲသုံးစား လုပ်သူတွေကို တိတိကျကျ အရေးယူပြဖို့ လိုတယ်၊ အရေးယူတဲ့ နေရာမှာ ပါတီစည်းကမ်း သာမကဘဲ တည်းဆဲ ဥပဒေနဲ့ပါ ဆောင်ရွက်ရမယ်'' ဟု မန္တလေးမြို့ခံ ရှေ့နေကြီး တစ်ဦး ဖြစ်သူ ဦးသိန်းသန်းဦးက မှတ်ချက်ပေးသည်။

No comments: