ပုသိမ်၊ သြဂုတ် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊
အမှတ် ၁ ရပ်ကွက် ကမ်းနားလမ်း ပုသိမ်ကြိုး တံတားအနီးရှိ ယုဇန အအေးခန်းတွင်
သြဂုတ်လ ၁၉ ရက် နေ့လယ် ၂ နာရီ ဝန်းကျင်က ငါး၊ ပုဇွန်များ အအေးခံ
ထုတ်ပိုးသည့် အခန်းအတွင်း အမိုးနီးယား ဓါတ်ငွေ့များ
ယိုစိမ့်ခဲ့ခြင်းကြောင့် ရှုရှိုက်မိသူ အမျိုးသမီး လုပ်သား ၇ ဦးကို ပုသိမ်
ဆေးရုံကြီးသို့ တင်ပို့ ကုသရကြောင်း ပုသိမ်မြို့မ ရဲစခန်းမှ သိရှိရသည်။
ဓါတ်ငွေ့ယိုစိမ့်မှု
ဖြစ်ပွားခဲ့သည့် အခန်းအတွင်း၌ အမျိုးသမီး လုပ်သား ၁၄၀ ဦးခန့် အလုပ်
လုပ်ကိုင်နေစဉ် အအေးခန်းအတွင်း ပုံမှန် မဟုတ်သည့် အနံ့ ရလာသဖြင့် အလုပ်သမား
အများစု အခန်းအပြင်သို့ ထွက်ခဲ့သော်လည်း နောက်ဆုံး ကျန်ခဲ့သူ ၇ ဦးမှာ
အသက်ရှုလမ်းကြောင်း ပိတ်ဆို့ခဲ့သဖြင့် ဆေးရုံသို့ တင်ပို့ထားရခြင်း
ဖြစ်ကြောင်း ပုသိမ်မြို့မရဲစခန်း တာဝန်ရှိ ရဲအရာရှိက ဆိုသည်။
လတ်တလော
အခြေအနေတွင် စိုးရိမ်စရာ မရှိတော့ကြောင်း နှစ်ဦးကို မျက်လုံး ထိခိုက်မှု
ရှိ မရှိ စစ်ဆေးထားကြောင်း၊ ကျန်လုပ်သားများ အားလုံးကို မြို့နယ်
ကျန်းမာရေးဌာနက ကျန်းမာရေး စောင့်ရှောက်မှု ပေးနေကြောင်း၊ အအေးခန်းကိုမူ
ယာယီ ပိတ်ထားကြောင်း ပုသိမ်မြို့မရဲစခန်းမှ ရဲအုပ် ဇော်မင်းထွန်းက ပြောသည်။
“စက်ရုံအတွင်းမှာ
အမိုးနီးယား ဓါတ်ငွေ့တွေ စိမ့်ထွက်တာကနေ ဖြစ်တာပါ၊ စတင် ယိုစိမ့်ခဲ့တဲ့
မျက်နှာကျက်ပေါ်က အအေးခံတဲ့အခါမှာ အသုံးပြုဖို့ တပ်ဆင်ထားတဲ့
ပိုက်လိုင်းတွေကို ပြင်ဆင်နေပါပြီ”ဟု ၎င်းက ရှင်းပြသည်။
အမိုးနီးယား
ဓါတ်ငွေ့ ယိုစိမ့်မှုကြောင့် ပုသိမ်မြို့နယ် ကိုးဆူ ကျေးရွာနေ
မချိုဇင်ငြိမ်း ၂၅ နှစ်၊ ရှမ်းကွင်းရွာနေ မမြတ်သူကျော် ၂၀ နှစ်၊
ဝါးယားချောင်း ကျေးရွာနေ မသူဇာလွင် အသက် ၁၈ နှစ်၊ အငူကြီး ရွာနေ
မမျိုးချယ်ရီဦး ၂၅ နှစ်၊ ကန်ကြီးထောင့်မြို့နယ် ဒရယ်ချောင်း ကျေးရွာနေ
မစန်းစန်းမော် ၁၈ နှစ်၊ အိမ်မဲမြို့နယ် ရှမ်းစုရွာနေ သင်ဇာလှိုင်
၁၈နှစ်နှင့် ငပုတောမြို့နေ မဝေနှင်းဟန် ၁၈ နှစ်တို့အား
ပုသိမ်ပြည်သူ့ဆးရုံကြီး ဆေးကုသမူ ခံယူခဲ့ရသည်။
No comments:
Post a Comment