Tuesday, August 23, 2016

ကျောက်ကြီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ကို မလျော်သြဇာ သုံးစွဲသည်ဟုဆိုကာ တိုင်ကြား

တောင်ငူ၊ သြဂုတ်၂၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် တိုင်းဒေသကြီး အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဆန်းဦးကို ကျောက်ကြီးမြို့နယ်လုံး ဆိုင်ရာ ရှင်ဥပဂုတ္တ ရဟန္တာမထေရ်မြတ်ကြီး မီးမျှောပူဇော်ပွဲ အစည်းအဝေးတွင် မလျော် သြဇာ သုံးစွဲပြီး ခြိမ်းခြောက် နှောင့်ယှက်သည်ဟုဆိုကာ ပွဲတော်ကျင်းပရေး ကော်မတီဝင် ၁၂ ဦးက လက်မှတ်ရေးထိုး တိုင်ကြားခဲ့ကြောင်း တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်ရင်က ပြောကြားသည်။

သြဂုတ်လ ၁၃ ရက်နေ့တွင်  မီးမျှောပွဲ ကျင်းပရေး အစည်းအဝေး ပြုလုပ်စဉ် နှောင့်ယှက် ခြိမ်းခြောက်သည်ဟုဆိုကာ တိုင်ကြားထားခြင်းဖြစ်ပြီး  ယင်းတိုင်ကြားစာနှင့် ပတ်သက်၍ လာရောက် ဖြေရှင်းရန် ခေါ်ယူထားကြောင်း၊  လွှတ်တော်ကိုယ်စားလှယ် တစ်ဦး၏ တာဝန် ဝတ္တရားထက် ကျော်လွန် လုပ်ကိုင်ပါက လုပ်ထုံး လုပ်နည်းများအတိုင်း အရေးယူမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ 

နှစ်စဉ် ကျင်းပမြဲဖြစ်သော ၁၂၈ ကြိမ်မြောက် ရှင်ဥပဂုတ္တ ရဟန္တာမထေရ်မြတ်ကြီး မီးမျှောပူဇော်ပွဲနှင့် လှေပြိုင်ပွဲ ကျင်းပရေးအတွက် ဆားတန်းရပ်ကွက် ဓမ္မာရုံတွင် လုပ်ငန်းကော်မတီ အစည်းအဝေး ကျင်းပနေစဉ် တိုင်းဒေသကြီး အမှတ်၂ လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဆန်းဦး (ခ)ဦးဇော်မင်းဦး ရောက်ရှိလာပြီး အစည်းအဝေးမှာ တရားမဝင်ကြောင်း၊ ပြည်သူက တင်မြှောက်ထားသော လွှတ်တော်ကိုယ်စားလှယ်ကို ပွဲတော် ကျင်းပရေး ကော်မတီတွင် မထည့်ရသည့် အကြောင်းရင်း မေးမြန်းခဲ့ကြောင်း၊ ယင်းနောက်ပွဲတော်ကို လုပ်ရဲလျှင်လုပ်ကြည့်ဟု ခြိမ်းခြောက်ခဲ့သောကြောင့် ကော်မတီဝင် ၁၂ ဦးက လက်မှတ် ရေးထိုးကာ တိုင်ကြားခဲ့သည်။ 

ယင်းအစည်းအဝေးတွင် ခြိမ်းခြောက် ပြောဆိုမှု မလုပ်ခဲ့သော်လည်း တိုင်ကြားစာနှင့် ပတ်သက်၍ လွှတ်တော်ဥက္ကဋ္ဌထံ ဖြေရှင်း သွားမည်ဖြစ်ကြောင်း၊ ဂုဏ်သိက္ခာ ကျဆင်းစေရန် လူမှုကွန်ရက် စာမျက်နှာတွင် စံလင်း အကောင့်အမည်ဖြင့် ရေးသားခဲ့သူကို ကျောက်ကြီးမြို့နယ် နတ်သံကွင်း ရဲစခန်းတွင် ဆက်သွယ်ရေး ဥပဒေပုဒ်မဖြင့် အမှု ဖွင့်မည်ဖြစ်ကြောင်း တိုင်ကြားခံရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဆန်းဦး (ခ) ဇော်မင်းဦးက ပြောကြားသည်။

No comments: