'ကောင်းကင်ဘုံမှပေးစာ'
RIP- Piang Ngaih Don
လွန်ခဲ့တဲ့ တစ်နှစ်ကပေါ့…
ဒီ စင်ကာပူနိုင်ငံထဲကို စပြီးခြေချလိုက်မိတဲ့အချိန်မှာ တောင်ပေါ်က
ဆင်းရဲခြင်းလောကဒဏ်ကြားမှာ ရှင်သန်ရတဲ့နေ့ရက်တွေ ကုန်ဆုံးမယ့်အချိန်
ရောက်ပြီဆိုတဲ့ မျှော်လင့်ချက်လေးတခုကြောင့် ကျွန်မပြုံးရယ်ခဲ့ဖူးတယ်။
ကျွန်မအလုပ်တွေ ကြိုးစားလုပ်မယ်။ ရတဲ့လုပ်အားခ ငွေကြေးတွေဟာ
ဝေးလံခေါင်ဖျားလို့ မြန်မာအစိုးရက သတ်မှတ်ပေးတဲ့ ခက်ခဲတဲ့ ကျွန်မရဲ့ ဒေသက
မိဘ ဆွေမျိုး မိတ်ဆွေ တဦးတယောက်အတွက်တော့ ကောင်းကျိုးလေးတခု
ပေးနိုင်ကောင်းလောက်ပါရဲ့။ ဖြစ်နိုင်ရင် ငွေလေး နည်းနည်းချင်းစီစုထားမယ်။
အချိန်တန်လို့ အိမ်ပြန်ချိန်ရောက်ရင် ကျွန်မဇာတိမြေမှာ
တပိုင်တနိုင်စီးပွါးရေးတခုခုလည်း ကျွန်မ လုပ်ချင်သေးတယ်လေ။
မြင်ယောင်နေသေးတယ်။ နိုင်ငံခြားမှာ စီးပွါးရှာနိုင်ဖို့
သူများအိမ်တွေသွားပြီး အောက်ကျို့ခံလို့ မျက်နှာငယ်လေးနှင့် ပိုက်ဆံ
လိုက်ချေးခဲ့ကြတာတွေကို။ ဒီလိုအတွေ့အကြုံတွေကိုတော့ စာမဖွဲ့ချင်တော့ပါဘူး။
နောက်ဆုံးတော့ လိုအပ်တဲ့ ငွေကြေးပမာဏရခဲ့တယ်။ ဒီလိုနဲ့ နိုင်ငံရပ်ခြားကို
ထွက်ဖို့ တကယ်ဖြစ်လာခဲ့တယ်။ ကိုယ်ချစ်တဲ့ ဇာတိမြေ ကိုယ့်ရဲ့ အစားထိုးမရ
ချစ်ရတဲ့ မိဘ မောင်နှမတွေ။ ဆိုးတူကောင်းဖက် ယောက်ျားယူရင်
အတူယူမယ်လို့တောင် စနောက်ရတဲ့ သူငယ်ချင်းအပေါင်းအသင်းတွေ ထားခဲ့ပြီး
နိုင်ငံရပ်ခြားသွားရမှာ ဘယ်သူကသွားချင်မှာလဲ။ အိမ်လွမ်းရတဲ့ ရက်စွဲတွေကို
ရေတွက်ရင်း မျက်ရည်နဲ့ ဖြေသိမ့်နေရမှာ။ ဒါပေမယ့်လေ… နိုင်ငံခြားသွား
အလုပ်တွေလုပ်ပြီး ပိုက်ဆံတွေအများကြီးရမယ်။ ကျွန်မရတဲ့ ပိုက်ဆံဟာ
ကျွန်မချစ်ရတဲ့ လူတွေရဲ့ မျက်နှာမှာ အပြုံလေးတွေ ဖန်တီးပေးနိုင်မယ်
ဆိုတာတွေးမိတိုင်း ကျွန်မခံစားရမယ့် ဒုက္ခဟာ သမုဒ္ဒယာထဲက
သဲတပွင့်လောက်ဆောင်မရှိတော့တာ အမှန်ရယ်။
စလုံးကိုရောက်ရောက်ချင်း ကျွန်မ,လုပ်ရတဲ့ အလုပ်က အိမ်ဖော်တဲ့။
အလုပ်ရှင်ကိုကျွန်မတော်တော်လေးသည်းခံရမယ်ဆိုတာ မျက်မှန်းတန်းမိပါတယ်.
ဒီအလုပ်ကို ဘယ်သူက လုပ်ချင်လွန်းလို့ လုပ်နေမလဲ။ ကျွန်မမှာကလည်း
တခြားအရည်အချင်းမရှိလေတော့ ဒီအလုပ်နဲ့ပဲ ကိုက်ပါတယ်လေ။ အဲဒီအိမ်မှာ
စရောက်ရောက်ချင်း ကျွန်မကို အလုပ်တွေ သိမ်းကြုံးခိုင်ပါတော့တယ်။ မနက် ၎
နာရီ ဒေါင်ကနဲဆို ထရပါပြီ။ ည သန်းခေါင် ၁၂ ကျော်မှ အိပ်ခွင့်ပေးပါတယ်။ ၂၄
နာရီ ၇ ရက် လုပ်ရပါတယ်။ တနင်္ဂနွေနေ့လည်းမရှောင် နားရက်ဆိုတာ လုံးဝမရှိတာပါ။
ထမင်းဆိုရင် သူတို့ရဲ့ စားကြွင်းစားကျန်တွေသာ စားရတာပါ။ တိုင်းတပါးသားရဲ့
အစားအစာ ကျွန်မက မစားတတ်သေးပါဘူး။ ကျွန်မစားချင်တဲ့ အရာလေးတွေကျတော့လည်း
လုံးဝကို ချက်စားခွင့်မပေးပါဘူး။ ကျွန်မမှာ ထမင်းတနပ် ဗိုက်ပြည့်အောင်
စားရတယ်ဆိုတာ မရှိခဲ့ရိုးအမှန်ပါ။ သူတို့ရဲ့ ပြောဆိုဆက်ဆံပုံလား…
ကျွန်မဇာတိကကြားဖူးတဲ့ အရိုင်းစိုင်းဆုံး စာလုံးတွေတောင် အရှုံးပေးရချည်ရဲ့။
ခဏလေးတောင်မှ မှေးခွင့်မရခဲ့တာပါ။ လုပ်စရာမရှိရင် ဆယ်ကြိမ်မက
တိုက်ခဲ့ပြီးတဲ့ ကြမ်းပြန်တိုက်ခိုင်းပါတယ်။ အကြိမ် ၂၀ မက လှည်းခဲ့တဲ့
ကြမ်း ပြန်လှည်းခိုင်းပါတယ်။ သူတို့စကား ကိုယ်ကနားမလည်မိခဲ့ရင်
ကျွန်မနားမလည်တဲ့ သူတို့ဘာသာစကားနဲ့ပဲ ထပ်ဆဲပါတယ်။ သူတို့ရဲ့
ဘေးနားမှာရှိတဲ့ ပစ္စည်းတခုခုနဲ့ လှမ်းပြီးပေါက်လိုက်ကြပါသေးတယ်။
ကျွန်မရဲ့မျက်ရည်က ဟိုး တောင်ပေါ်က ကျွန်မချစ်ရတဲ့သူတွေအတွက် အပြုံးလေးတခု
ဖန်တီးပေးနိုင်ရင် တော်ပါပြီလေ။
ကျွန်မဝန်ခံပါတယ်။
ပညာဆုံးခန်းတိုင်အောင်မသင်နိုင်ခဲ့တဲ့ကျွန်မ၊ ဘွဲ့မရခဲ့တဲ့ ကျွန်မက
လောကနီတိမှာ ညံ့ဖျင်းတယ်ဆိုတာ။ ဒါပေမယ့်လေ ကျွန်မမှာ ခန္တီ နဲ့
ဝီရိယပေါင်းစပ်လို့ ခိုင်းသမျှအိမ်မှုကိစ္စ ပြီးစီးအောင် ကြိုးစားခဲ့ပါတယ်။
ကျွန်မရဲ့ တတ်နိုင်ခြင်းနဲ့ အစွမ်းကုန်လုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်းလေ…
ကျွန်မတခုပဲပြောချင်တယ်။ ခါးသီးတယ် ဆိုတဲ့ စကားလုံးထက် လေးနက်တဲ့
စကားလုံးများရှိရင် ပြောပြကြပါလား။ ဒီနေရာမှာ ထည့်ရေးချင်လို့ပါ။
ကျွန်မမျက်ရည်လေးတွေ မျက်ဝန်းထဲမှာ တွဲလွဲခိုနေလေရဲ့။ ဒီမျက်ရည် လုံးဝ
မကျစေရဘူး ကျွန်မအံကြိတ်ပြီး အလုပ်ဆက်လုပ်ခဲ့ပါတယ်။ ကျွန်မရဲ့ဒီမျက်ရည်က
ဟိုး တောင်ပေါ်က ကျွန်မချစ်ရတဲ့သူတွေအတွက် အပြုံးလေးတခု ဖန်တီးပေးနိုင်ရင်
တော်ပါပြီလေ။
၆ လ ပါပဲ။ ၆ လတည်းပါ။ အားတင်းထားစမ်းပါ။ ၆ လပြည့်ရင်
ဒီနိုင်ငံလာဖို့ ချေးထားတဲ့ ပိုက်ဆံတွေ အကြေဆပ်လို့ရပြီ။ ၆ လပြည့်ရင်
အိမ်အပြင်ထွက်လို့ရပြီ။ ၆ လလုံး လုံးဝမဆက်သွယ်ရတဲ့ ဟိုးးး တောင်ပေါ်က
မိဘဆွေမျိုးတွေနဲ့ ဖုန်းတွေ တဝကြီးပြောမယ်။ ပို့ထားတဲ့ ပိုက်ဆံနဲ့
စားချင်တာစားကြ။ ဝတ်ချင်တာဝတ်ကြ။ ဒီမှာ အဆင်ပြေတယ် လို့ အားရပါးရပြောမယ်။
အဖေအမေတွေလည်း ကျွန်မပို့ထားတဲ့ ပိုက်ဆံလေးတွေနဲ့
စားကောင်းသောက်ကောင်းစားနေကြလို့ ဝဝဖြိုးဖြိုးလေး ဖြစ်လာကောင်းပါရဲ့။
သူတို့ကို ဒီ ၆ လကျော်ရင်တွေ့ရ စကားပြောရတော့မယ် ဆိုတဲ့ စိတ်နဲ့ ကျွန်မ
အလုပ်ကြိုးစားခဲ့တာ ၆ လပြည့်တဲ့နေ့ က အမှောင်ဆုံးနေ့တနေ့ဖြစ်လာခဲ့တယ်။
အပြင်ထွက်ခွင့်ဆိုတာ မြူမှုန်လောက်တောင် မခံစားခဲ့ရ။ အပြင်ထွက်ပြီး
မိဘတွေနဲ့ ဖုန်းလေး တမိနစ် ၂ မိနစ် ပြောဖို့ဆိုတာ ဝေလာဝေး။
အပြင်ထွက်ခွင့်ပြုဖို့ စကားလေး တခွန်း ဟမိပါတယ်။ ကျွန်မကို ဟိုးးး
တောင်ပေါ်ပြန်ပို့မယ်တဲ့။ ဒီအတိုင်းလက်ဗလာနဲ့တော့ ကျွန်မမပြန်ချင်သေးဘူး။
ကျွန်မတောင့်ခံနိုင်ပါသေးတယ်။ ကျွန်မရဲ့မျက်ရည်တစက်က ဟိုး တောင်ပေါ်က
ကျွန်မချစ်ရတဲ့သူတွေအတွက် အပြုံးလေးတခု ဖန်တီးပေးနိုင်ရင် တော်ပါပြီလေ။
တနေ့တော့ ကျွန်မ အိမ်မှုကိစ္စလုပ်ရင်း မူးလဲခဲ့မိပါတယ်။ နောက်ပိုင်း
ပိုဆိုးလာပါတယ်။ ခဏခဏ မူးလဲခဲ့တယ်။ မှန်ထဲ အမှတ်မထင်ကြည့်လိုက်မိတော့
မှန်ထဲကလူက ကျွန်မမှ ဟုတ်ရဲ့လားလို့ သံသယဝင်လာမိတယ်။ တောင်ပေါ်က ကျွန်မသိတဲ့
နာတာရှည်ရောဂါသည်အဖိုးကြီး ဆုံးခါနီးရုပ်နဲ့တောင် တူလာသလိုလိုပါပဲလား
ကျွန်မရုပ်က။ ဒီလိုရက်တွေ ဆက်လာတော့ မနက်လည်း မထနိုင်တော့ပါဘူး။
အိမ်ရှင်မိသားစုကလည်း ကျွန်မကို ဆေးခန်းပြဖို့ နေနေသာသာ
ဟန်ဆောင်နေတယ်ဆိုပြီး ထပ်ပြီးနှိပ်စက်ကြပါတယ်။ ကျွန်မလည်း
ရှိတဲ့အားလေးတွေကို ထုတ်။ ယိုင်တိယိုင်တိုင်လမ်းတွေလျှောက်လို့
ခိုင်းသမျှအလုပ်တွေ လုပ်ပေးခဲ့တာ ခုဆို တနှစ်တောင်ရှိခဲ့ပါပြီ။ ကျွန်မရဲ့
စိတ်ခွန်အားက တပြားသားမှ မလျော့ခဲ့တာအမှန်ပါ။ သို့သော် ကျွန်မရဲ့ ဒီစိတ်ကို
လွယ်ထားတဲ့ ဒီခန္ဓာဟာဖြင့် ယိုယွင်းလာခဲ့ပါပြီ။ တနေ့တော့
ကျွန်မခံစားလာရတယ်။ ကျွန်မရဲ့ ဝင်သက်ထွက်သက်ဟာ တဖြေးဖြေးနှေးလာပါတယ်။
ကျွန်မရင်ဘတ်ထဲက နှလုံးခုန်သံဟာ ဖြေးဖြေးနှေးလာတဲ့အပြင် ပိုကျယ်လာပါတယ်။
ကျမရဲ့ နှလုံးခုန်သံရပ်သွားတာ ကျွန်မသိလိုက်ချင်းမှာပဲ ကျွန်မဟာ ကျွန်မရဲ့
ပိန်လှီနေတဲ့ ခန္ဓာကိုယ်ကို ထားခဲ့လို့ အဝေးကို တဖြေးဖြေးနဲ့
လွင့်မျောလာခဲ့ပါပြီ။ ကျွန်မထားခဲ့တဲ့ ကျွန်မခန္ဓာကိုယ်ရဲ့ မျက်ဝန်းထဲက
ကျွန်မရဲ့မျက်ရည်စက်လေးတွေ စီးကျလာတယ် ကျွန်မမြင်နေရပေမယ့် ဘယ်လိုမှ
သုတ်မပေးနိုင်ခဲ့ဘူး။ ကျွန်မရဲ့ကျတဲ့ဒီမျက်ရည်စက်လေးတွေက ဟိုး တောင်ပေါ်က
ကျွန်မချစ်ရတဲ့သူတွေအတွက် အပြုံးလေးတခု ဖန်တီးပေးနိုင်ရင် တော်ပါပြီလေ။
အေးစက်နေတဲ့ ကျွန်မရဲ့ လက်တစုံနွေးထွေးမှုကို တခဏချင်းမှာ ခံစားရပါတယ်။
လည်ပြန်ကြည့်လိုက်တော့ ထာဝရအဖ ဘုရားရှင်ရဲ့ နွေးထွေးတဲ့လက်တစုံက ကျွန်မကို
ဆုပ်ကိုင်ထားတာပါ။ ကျွန်မ မဖော်ပြတတ်အောင် ပျော်နေမိပါတယ်။ ဒါပေမယ့်
မမျှော်လင့်ပဲ မရည်ရွယ်ပါပဲ ဘုရားကို မေးခွန်းတခု မေးခဲ့မိတယ်။
''အဖဘုရားသခင်… ဘာဖြစ်လို့များ သမီးကို မကယ်တင်ခဲ့တာလဲ။ ခုချိန် တောင်ပေါ်က
ကျွန်မမိသားစု ဘယ်လိုအသက်ဆက်ကြမလဲ''
''ချစ်သမီး… စိုးရိမ်ခြင်းမရှိနဲ့။
သင်ခံရသောအမှု ငါသိမြင်ပြီ။ သင်၏ မိသားစုအတွက် အကြံအစည်ရှိ၏။
မစိုးရိမ်နဲ့'' လို့ ကျွန်မ ကြားလိုက်တဲ့အချိန်မှာ ကောင်းမြတ်လွန်းတဲ့
ဘုရားအကြံအစည်တော်နှင့်ကျေးဇူးတော်ကို ခံစားမိခဲ့တယ်။ တနေ့ကျရင်
အဖရင်ခွင်မှာ အားလုံးပြန်တွေ့ကျမယ် ဆိုတဲ့ အသိ ပြန်ပြီး သတိရမိတော့
ကျွန်မရဲ့ ဝမ်းနည်းခြင်း စိုးရိမ်ခြင်းက လုံးဝမရှိတော့။ ကျွန်မထားရစ်ခဲ့တဲ့
ကျွန်မမိသားစုနဲ့ ချစ်ရတဲ့သူအားလုံးကိုလည်း ကျွန်မရဲ့
ဝမ်းမြောက်ပျော်ရွှင်မှုကို သိစေချင်မိသည်။
ဘုရားသခင်က ကျွန်မကို မိန့်ခဲ့တယ်။
''သမီး လောကမှာ သမီးထားခဲ့တဲ့ ချစ်ရတဲ့ မိဘ မိတ်ဆွေတွေကို မှာစရာရှိရင် မှာခဲ့ပါ…'' တဲ့
ကျွန်မပြောချင်တာမှာချင်တာရှိပါတယ်။
၁။ ကျွန်မကြောင့် အလုပ်ရှုပ် အချိန်ကုန် ငွေကုန် လူပင်ပန်း
စိတ်ပင်ပန်းကြတဲ့ မိတ်ဆွေတွေအားလုံး ပေါ် ကျေးဇူးအထူးတင်ပါတယ်ရှင်။
ဒီလိုဓလေ့ထုံးစံလေးတွေကို ကျွန်မတယောက်တည်းအပေါ်မှာ လုပ်တာမဟုတ်ဘဲနဲ့
ဆက်လက်ပြီး ထိန်းသိမ်းလုပ်ဆောင်ပေးကြပါ။ ဒါဟာ လူမျိုးဂုဏ်
လူမျိုးရဲ့ဓလေ့ပါ။
၂။ နယ်ပယ်အသီးသီးက
ခေါင်းဆောင်တစ်ယောက်စီတိုင်းကို မှာချင်ပါတယ်။ တိုင်းပြည်
လူမျိုးတိုးတက်ဖို့ဆိုတာ ဒီလို အဖွဲ့အစည်းတွေက သစ္စာတရားနဲ့
စိတ်စေတနာထားလို့ ရိုးသားဖြောင့်မတ်စွာနဲ့ ကြိုးစားပြီး
ဦးဆောင်ဦးရွက်ပြုရင် တိုးတက်မယ်လို့ သမီးကြားဖူးပါတယ်။ ကျွန်မကြုံခဲ့ရတဲ့
အဖြစ်ပျက်ကို စံနမူနာထား ဥပမာယူလို့ နောက်ထပ်
ဒီလိုအဖြစ်ဆိုးမကြုံတွေ့ကြရအောင် ကြိုးစားဆောင်ရွက်ပေးကြပါ။
ကျွန်မတို့လူမျိုးထဲမှာ ဒီလိုအဖြစ်ဆိုးဟာ ကျမရဲ့ ခန္ဓာအသက်နဲ့
မြေမြုပ်ပစ်ကြပါ။ ကျွန်မတို့ မသိလိုက်တဲ့အချိန်မှာ ကျွန်မလို
ဒုက္ခရောက်နေတဲ့ လူတွေ ရှိနေမှာပါ။ နိုင်ငံရေး စီးပွါးရေး သမီးနားမလည်ပါဘူး။
ဒါပေမယ့် ကျွန်မလို အဖြစ်ဆိုးကြုံတဲ့လူတွေအပေါ် မေတ္တာပြလို့ ကောင်းသောအမှု
ဆောင်ရွက်ခြင်းမှာ တလုံးတဝတည်းဖြစ်ကြစေ။ တဦးတယောက်ချင်းစီရဲ့ မာနနဲ့
စိတ်ဓါတ်တွေ ခဝါချလို့ တမျိုးသားလုံးကောင်းဖို့အတွက်
သွေးစည်းညီညွတ်ခြင်းဆိုတဲ့ ချစ်စရာအလေ့ ပြန်ပြီးအစပြုပေးကြပါလား။
ဟန်ရေးသာပြသော ခရစ်ဟန် မဟုတ်ပဲ ခရစ်ယာန်အသက်တာနဲ့ အသက်ရှင်ပေးကြပါလား။
ဒီလိုသာလုပ်မယ်ဆိုရင် ခုလို ကျွန်လာခံစရာမလိုလောက်ဘူးလို့ သမီးထင်ပါတယ်။
၃။ နောက်ဆုံးတစ်ခုမှာချင်ပါတယ်။ ကျွန်မကြောင့် ဘယ်သူ့ကိုမှ
မမုန်းတီးကြပါနဲ့။ ဆွမ်းဆန်ထဲ ကြွက်ချေးပါရိုးပါ။ ဒါပေမယ့် ကျွန်မကို
နှိပ်စက်တဲ့ မယုံကြည်သူတွေလို အသက်မရှင်မိပါစေနဲ့။ ဝမ်းရေးအတွက်
အလုပ်လုပ်ကိုင်ရင်းမိတ်ဆွေရဲ့ အိမ်ခေါင်မိုးအောက်မှာ
ခေတ္တနားခိုဖို့လိုရင်လည်း မေတ္တာပြပေးပါ။ ဒီလိုသာလုပ်ဆောင်ပေးရင်သမီး
ခံရကျိုးနပ်ပါပြီ။သမီးသေပျော်ပါပြီ။
(Piang Ngaih Don နေရာမှဝင်ရောက်ရေးပေးခြင်းဖြစ်သည်)
No comments:
Post a Comment