Tuesday, August 2, 2016

ဆေးလိပ်တို့၏ ကျူးကျော်စစ်နှင့် မြန်မာနိုင်ငံ --------------------


၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံတကာ ဆေးလိပ်ကုမ္ပဏီများ ပြန်လည် ၀င်ရောက်လာပြီးနောက် နိုင်ငံအတွင်း ဆေးလိပ်သောက်သူဦးရေ သိသာစွာ မြင့်တက်လာခဲ့သည်။ ဆေးလိပ် ကုမ္ပဏီများက အဆင့်မြင့်ကြော်ငြာ နှင့် ဈေးကွက် မြှင့်တင်ရေး နည်းစနစ်များ အသုံးပြုကာ ဖောက်သည်သစ်များကို ဆွဲဆောင်လျက်ရှိသည်ဟု ဆေးလိပ်နှင့် ဆေးရွက်ကြီး ထိန်းချုပ်ရေး ကျွမ်းကျင်သူများက သတိပေးလျက်ရှိသည်။

ရန်ကုန် မြို့တွင်း ယာဉ်ကြော ပိတ်ဆို့နေသည့် လမ်းပေါ်တွင် ဆေးလိပ် ရောင်းသူဈေးသည်က ကားတံခါးပေါက်အထိ လာ၍ ရောင်းချသည်။ တက္ကစီမောင်းသူက ထိုဈေးသည်ထံမှ သူ့အကြိုက်ဆုံး တံဆိပ်ဖြစ်သော ဈေးချိုသည့် Red Ruby စီးကရက် နှစ်လိပ်ဝယ်ကာ သောက်သုံးသည်ကို တွေ့ခဲ့ရသည်။

ရန်ကုန်မြို့လယ်ရှိ လမ်းထောင့်တိုင်းလိုလိုတွင် စီးကရက် တံဆိပ်တစ်မျိုးမှ အမျိုးစုံအထိ ရောင်းချသည့် လမ်းဘေးဆိုင်ငယ်များကို မြင်တွေ့နိုင်သလို သောက်ဆုံးနေသူများကိုလည်း မြင်နိုင်သည်။ စီးကရက် ရောင်းချသူတစ်ဦး ဖြစ်သည့် အသက် ၄၆ နှစ်ရှိ ဦးစိန်ဝင်းက ပြီးခဲ့သည့် နှစ်ပိုင်းအတွင်း စီးကရက် သောက်သုံးသူ ပိုများလာသည်ဟု ဆိုသည်။ သို့သော် ကြီးထွားလာသည့် ဈေးကွက်သို့ အသစ်ဝင်ရောက်လာသော အပြိုင်အဆိုင် ရောင်းချသူများ ပိုမိုများပြားလာခြင်းကြောင့် ယင်း၏ ဖောက်သည် အရေအတွက်မှာမူ တိုးလာခြင်းမရှိဟု ဦးစိန်ဝင်းက ပြောသည်။

ယင်းက “ရောင်းတဲ့ဆိုင်အသစ်တွေ ဖွင့်လာတော့ ကျွန်တော့် ရောင်းအားက အရင်ထက်တော့ နည်းသွားပါတယ်” ဟု ဆိုသည်။ အစဉ်အလာအရ ကွမ်းစားခြင်းနှင့် ဆေးပေါ့လိပ် သောက်သုံးခြင်း အလေ့အထ တို့ရှိခဲ့သည့် မြန်မာနိုင်ငံတွင် နိုင်ငံတကာသို့ တံခါးဖွင့် ဆက်ဆံမှုများ ပြုလုပ်ပြီးနောက် စီးကရက် သောက်သုံးမှု လျင်မြန်စွာ မြင့်တက်လာခဲ့သည်။

အရပ်သားတစ်ပိုင်းအစိုးရက ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပြီးနောက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုပေးချိန်တွင် ၀င်ရောက်လာသည့် နိုင်ငံတကာ ကုမ္ပဏီကြီးများတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီး ကုမ္ပဏီများက ထိပ်ဆုံးက ပါဝင်ခဲ့သည်။ Japan Tobacco International (JTI), British American Tobacco (BAT) နှင့် တရုတ်နိုင်ငံ China Tabacco ကဲ့သို့ နိုင်ငံတကာ ကုမ္ပဏီကြီးများ ယခုအခါ မြန်မာနိုင်ငံတွင် ၀င်ရောက်လျက်ရှိပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် အနည်းငယ် ထူးခြားသည့်အချက်မှာ WHO ၏ စာရင်းအရ ၂၀၁၂ တွင် အမျိုးသား ၄၅ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၈ ရာခိုင်နှုန်းတို့က နေ့စဉ် ဆေးရွက်ကြီးအား ပုံစံတစ်မျိုးမျိုးဖြင့် အသုံးပြုမှုရှိသော်လည်း စီးကရက် သောက်သုံးသူမှာမူ ၄ ရာခိုင်နှုန်းရှိသည်ဆိုသော အချက်ဖြစ်သည်။ ထိုအချိုးအစားက မြန်မာနိုင်ငံတွင် စီးကရက်ဈေးကွက် အကြီးအကျယ် မြင့်တက်လာ၍ အလားအလာ ရှိကြောင်း ဖော်ပြနေသည်။ ဈေးကွက် သုတေသနကုမ္ပဏီ Euromonitor က ၂၀၁၃ တွင် ကမ္ဘာ့အလားအလာ အကောင်းဆုံး လူသုံးပစ္စည်းဈေးကွက် ၂၀ တွင် ထည့်သွင်း ဖော်ပြခဲ့ပြီး လူဦးရေ သန်း ၅၀ ကျော်ရှိ မြန်မာနိုင်ငံ ဈေးကွက်အတွက် အဓိက စီးပွားရေးလုပ်ငန်း ၇ ခုတွင် ဆေးလိပ်လုပ်ငန်းကို ထည့်သွင်း ဖော်ပြခဲ့သည်။

မြန်မာဈေးကွက်တွင် လက်ရှိ စီးကရက် တံဆိပ် ၆၂ မျိုး ရောင်းချလျက်ရှိပြီး ၁၉၉၀ ပြည့်လွန်နှစ်များက တံဆိပ် ၁၀ မျိုးမှ ၁၅ မျိုးသာရှိခဲ့သည့် အခြေအနေနှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ဆေးလိပ်သောက်သုံးမှုကျဆင်းလာသဖြင့် နိုင်ငံတကာ ဆေးလိပ်ကုမ္ပဏီများက ဈေးကွက်သစ်များ ရှာဖွေလျက်ရှိသည်။

“သူတို့က တတ်နိုင်သမျှ ဆေးလိပ်သောက်သူတိုးလာဖို့ လုပ်နေကြပါတယ်။ ၀င်ငွေနိမ့်တဲ့ နိုင်ငံတွေနဲ့ အလယ်အလတ် နိုင်ငံတွေက သူတို့ရဲ့ အဓိက ပစ်မှတ်တွေပါ၊ ပုံမှန်အားဖြင့် ဒီနိုင်ငံတွေဟာ ဆေးလိပ်သောက်သုံးနှုန်း မြင့်မားပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ဖို့ ကြိုးစားလေ့ရှိပါတယ်၊ နိုင်ငံတကာ ဆေးလိပ်ကုမ္ပဏီကြီးတွေဟာ သူတို့ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဖြန့်ချိရေးနဲ့ ထုတ်လုပ်ရေး ကွန်ရက်တွေရဲ့ အားသာချက်ကို အသုံးချပြီး ဈေးကွက်မြှင့်တင်ဖို့ ဆောင်ရွက်ကြပါတယ်” ဟု သြစတြေးလျနိုင်ငံ မက်ကွာရီတက္ကသိုလ်မှ ပြည်သူ့ကျန်းမာရေး ကျွမ်းကျင်သူ ရို့စ်မက်ကင်ဇီက ပြောကြားသည်။

ယခင်က မြန်မာနိုင်ငံတွင် စစ်တပ်ပိုင် ကုမ္ပဏီတစ်ခုနှင့် ဖက်စပ် လုပ်ကိုင်ခဲ့ပြီး နိုင်ငံတကာမှ လူ့အခွင့်အရေး လှုပ်ရှားသူများ၏ ဖိအားပေးမှုကြောင့် ၂၀၀၃ တွင် မြန်မာနိုင်ငံမှ ထွက်ခွာခဲ့ရသည့် British American Tobacco (BAT) သည် ယခုအခါ ပြန်လည် ၀င်ရောက်လာပြီး London အမှတ်တံဆိပ် စီးကရက်စက်ရုံအား ရန်ကုန်မြို့တွင် တည်ဆောက်ရန် ဒေါ်လာ သန်း ၅၀ ရင်းနှီးမြှုပ်နှံထားသည်။

London အမှတ်တံဆိပ်သည် ၂၀၀၃ မတိုင်မီက ဈေးကွက် ဦးဆောင် အမှတ်တံဆိပ် ဖြစ်ခဲ့ပြီး BAT မြန်မာနိုင်ငံမှ ထွက်ခွာသွားချိန်တွင် ဈေးကွက်ဦးဆောင်သူနေရာကို Red Ruby က ရယူခဲ့သည်။ နိုင်ငံတကာ ကုမ္ပဏီများက ပြည်တွင်းကုမ္ပဏီများ တတ်နိုင်ခြင်းမရှိသော ကြော်ငြာနှင့် စပွန်စာအစီအစဉ်များဖြင့် ဈေးကွက်မြှင့်တင်လေ့ရှိသည်။ BAT နှင့် အခြားကုမ္ပဏီများ ပြန်လည် ၀င်ရောက်လာမှုကြောင့် နိုင်ငံအတွင်း စီးကရက် သောက်သုံးမှုပုံစံ သိသာစွာ ပြောင်းလဲသွားစေသည်။

ထိုကုမ္ပဏီကြီးများ၏ လုပ်ငန်းဆောင်ရွက်ပုံ အဆင့်အတန်းက အစိုးရပိုင်နှင့် ပြည်တွင်းကုမ္ပဏီများနှင့် ခြားနားသည်။ “နိုင်ငံခြား ကုမ္ပဏီကြီးတွေဟာ အလွန်အဆင့်မြင့်တဲ့ ကြော်ငြာ၊ အရောင်းမြှင့်တင်မှုနဲ့ စပွန်စာ အစီအစဉ်တွေ ယူဆောင်လာပြီး ပုံမှန်အားဖြင့် ပြည်တွင်းလုပ်ငန်းတွေ မတတ်နိုင်တဲ့ အရာတွေပါ။ သူတို့အစီအစဉ်တွေက ကန့်သတ်ချက် စည်းမျဉ်းတွေကို ကျော်လွှားနိုင်အောင် အဆင့်မြင့်ပါတယ်” ဟု ယခင် BAT ၀န်ထမ်းဟောင်းတစ်ဦးက ရှင်းပြခဲ့သည်။

အရှေ့တောင်အာရှ ဆေးရွက်ကြီးထိန်းချုပ်ရေး မဟာမိတ်အဖွဲ့ (SEATCA) မှ မြန်မာကိုယ်စားလှယ် ဒေါ်မေမြတ်ချိုက မြန်မာနိုင်ငံတွင် အမျိုးသားများ ဆေးလိပ်သောက်သုံးမှုမှာ BAT မြန်မာနိုင်ငံမှ မထွက်ခွာမီ ၂၀၀၃ တွင် ၄၈.၆ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးရှိခဲ့ရာမှ တဖြည်းဖြည်း ကျဆင်းလာပြီး နိုင်ငံခြားကုမ္ပဏီကြီးများ ပြန်ဝင်လာသည့် ၂၀၁၃ တွင် ၄၆.၈ ရာခိုင်နှုန်းသို့ ပြန်တက်လာကာ ပြီးခဲ့သည့်နှစ်တွင် ၆၀ ရာခိုင်နှုန်းအထိ သိသာစွာ မြင့်တက်လာသည်ဟု ဆိုသည်။

အမျိုးသမီးများ ဆေးလိပ်သောက်သုံးနှုန်းမှာ ၂၀၁၃ တွင် ၁၃.၇ ရာခိုင်နှုန်းရှိရာမှ ၂၀၁၅ တွင် ၁၈ ရာခိုင်နှုန်းထိ မြင့်တက်လာသည်ဟု ဆိုသည်။ အမျိုးသမီးများနှင့် လူငယ်များမှာ ဆေးလိပ်ကုမ္ပဏီ ကြီးများ၏ အဓိကပစ်မှတ်များဖြစ်သည်။ ဆေးလိပ်ရောင်းသူ ဦးစိန်ဝင်းက ယင်း၏ ဖောက်သည်အများစုမှာ ၁၅ နှစ်မှ ၂၀ အတွင်းရှိ သော်လည်း အသက်အငယ်ဆုံးအဖြစ် ၁၀ နှစ်အရွယ်အထိ ပါဝင်သည်ဟု ဆိုသည်။

“ဒီမှာ ဆေးလိပ်ရောင်းဖို့ အငယ်ဆုံး အသက်ကန့်သတ်ချက် မရှိပါဘူး။ အသက်မပြည့်သေးသူ တစ်ယောက်က ဆေးလိပ်လာဝယ်ရင် ရောင်းရတာပါပဲ။ ကျွန်တော်တို့ ပြသ၁နာ မဖြစ်ချင်ပါဘူး” ဟု ဦးစိန်ဝင်းက ပြောကြားသည်။ သို့သော် သူ၏ အသိ လွဲမှားနေပြီး မြန်မာနိုင်ငံတွင် အသက် ၁၈ နှစ်အောက် ကလေးငယ်များအား ဆေးလိပ်မရောင်းရန် ၂၀၀၆ ကတည်းက ဥပဒေပြဋ္ဌာန်းပြီး ဖြစ်သည်။ ထိုဆေးလိပ်နှင့် ဆေးရွက်ကြီး ဥပဒေတွင် ဆေးလိပ်အား ကြော်ငြာခြင်း၊ တစ်လိပ်ခြင်း ရောင်းချခြင်းတို့ကို တားမြစ်ထားပြီး စီးကရက်ဘူးခွံတွင် ကျန်းမာရေး သတိပေးချက် ဖော်ပြရန် ပါဝင်သည်။

သို့သော် နိုင်ငံတကာ ကုမ္ပဏီ ကြီးများက စည်းမျဉ်းများကို လက်တစ်လုံးခြား ကျော်လွှားရန် လုပ်ဆောင်နေပြီး အောက်ခြေ အာဏာပိုင်များကလည်း ဥပဒေကို လက်တွေ့ အကောင်အထည် ဖော်ခြင်းမရှိပေ။

“စည်းမျဉ်းအတိုင်း လက်တွေ့ အကောင်အထည်ဖော်မှု နည်းပါးတာကို အခွင့်ကောင်းယူပြီး ကုမ္ပဏီကြီးတွေဟာ ပုံမှန်ကြော်ငြာ နည်းလမ်းတွေအပြင် မူဝါဒ ချမှတ်သူတွေအပေါ် သက်ရောက်မှုရှိနိုင်တဲ့ အားကစား၊ ဖျော်ဖြေရေးနဲ့ ယဉ်ကျေးမှု ပွဲတော်တွေကို စပွန်စာပေးတာမျိုး ပြုလုပ်ပြီး တက်တက်ကြွကြွ အရောင်းမြှင့်တင် နေပါတယ်” ဟု ဒေါ်မေမြတ်ချိုက ဆိုသည်။

BAT Myanmar ၏ ရီဟန်ဘက်ကမူ ယင်း၏ ကုမ္ပဏီက မြန်မာနိုင်ငံတွင် ဆေးလိပ်ကြော်ငြာများ အသုံးပြုခြင်းမရှိဟု ပြည်တွင်းမဂ္ဂဇင်းနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ ထိုပြောကြားချက်ကို ဒေါ်မေမြတ်ချိုက လက်မခံ။ “သူတို့က လက်ဖက်ရည်ဆိုင်တွေနဲ့ စားသောက်ဆိုင်တွေမှာ ဆေးလိပ်အမှတ်တံဆိပ်ကို မြင်သာတဲ့ ဆေးလိပ်ပြာခွက်တွေ၊ မီးခြစ်တွေ၊ ပုဝါတွေ ဖြန့်ဝေပေးထားပါတယ်” ဟု ပြောကြားသည်။

လမ်းဘေးဆိုင်ငယ်လေးများတွင် ဆေးလိပ်ကြော်ငြာ ပိုစတာများ မြင်တွေ့နိုင်ပြီး ဆေးလိပ်ကုမ္ပဏီကြီးများ၊ အထူးသဖြင့် Japan Tobacco International (JTI) သည် အဓိက မြို့ကြီးများတွင် စီးကရက်များ အခမဲ့ဝေခြင်းတို့ ပြုလုပ်လျက်ရှိသည်ဟု ဒေါ်မေမြတ်ချိုက ပြောကြားပြီး ထိုလုပ်ရပ်များမှာ ဥပဒေအရ တားမြစ်ထားသည်ဟု ဆိုသည်။

ဆေးလိပ်ကုမ္ပဏီကြီးများက နိုင်ငံတကာ အခွန်နှင့် ရင်းနှီးမြှုပ်နှံမှုစင်တာ (ITIC) အဖွဲ့ကို အသုံးချ၍ နိုင်ငံများ၏ အစိုးရများကို ဖိအားပေးလေ့ရှိသည်။ အင်္ဂလန်မှ အငြိမ်းစား ဘဏ္ဍာရေးဝန်ကြီးတွေ၊ အခွန်အရာရှိတွေ ပါဝင်ပြီး လန်ဒန် အထက်လွှတ်တော်မှာ အစည်းအဝေး လုပ်တဲ့ အလွန်အားကောင်းသည့် အဆိုပါ လော်ဘီအဖွဲ့က ဆေးလိပ်၊ အရက်၊ ဆီနှင့် စားသောက်ကုန် လုပ်ငန်းကြီးများ၏ ရှေ့တမ်းအဖွဲ့အစည်းဖြစ်ပြီး ယင်းကုန်စည်များ အခွန်နှုန်း လျှော့ချရန် နိုင်ငံတကာ အစိုးရများနှင့် လျှို့ဝှက်တွေ့ဆုံကာ ဖိအားပေးလေ့ရှိသည်။

ထိုအဖွဲ့သည် မြန်မာနိုင်ငံတွင် လှုပ်ရှားမှုများရှိကြောင်း အထောက်အထားများစွာ ရှိသည်ဟု ဒေါ်မေမြတ်ချိုက ဆိုသည်။ ထိုအခြေအနေများရှိနေသော်လည်း မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌါနသစ်နှင့် ပတ်သက်၍ အကောင်းမြင်ထားသည်ဟု ဒေါ်မမြတ်ချိုကဆိုသည်။

WHO မှ မကူးစက်နိုင်သော ရောဂါဌါန ဒါရိုက်တာဟောင်းဖြစ်သူ ကျန်းမာရေးဝန်ကြီး ဦးမြင့်ထွေး၏ အတွေံအကြုံက မြန်မာနိုင်ငံတွင် ဆေးလိပ်တိုက်ဖျက်ရေး လုပ်ငန်းများအတွက် အထောက်အကူဖြစ်စေမည်ဟု ဆိုသည်။ ဆေးရွက်ကြီးထုတ်ကုန်များအတွက် အခွန်နှုန်းကို အစိုးရက ၅၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်း သို့ မြှင့်တင်ခဲ့သည်။ အခြားနိုင်ငံများတွင် ထိရောက်မှုရှိသည့် နည်းလမ်းတစ်ခုဖြစ်သော စီးကရက်ဗူးပေါ်တွင် သတိပေးချက် ရုပ်ပုံများ ထည့်သွင်းခြင်းကို စက်တင်ဘာတွင် စတင်ရန် လုပ်ဆောင်လျှက်ရှိသည်။

" ဆေးလိပ်ကုမဏီတွေက ဒီအစီအစဉ်တွေကို အကောင်အထည်ဖော်မယ်ဆိုတာ မျှော်လင့်ထားပါတယ်။ ဒါကြောင့် ၀န်ကြီးဌာန လိုအပ်တဲ့ အကူအညီတွေပေးဖို့ ကျွန်မတို့  အနီးကပ်ပူးပေါုင်းပါဝင်လုပ်ဆောင် နေပါတယ်၊ အခွန်နှုံန်းကို စက်ရုံဈေးအပေါ် ကောက်ခံတာကနေ လက်လီဈေးနှုန်းအပေါ် ကောက်ခံတာက ၀င်ငွေတိုးစေပေမယ့် ဆေးလိပ်သောက်သုံးမှုအပေါ် သက်ရောက်မှု ရှိမရှိ ကြည့်ရပါမယ်။ အခွန်နှုန်း ထပ်မံ တိုးမြှင့်ဖို့ လိုပါတယ်” ဟု " ဟု ဒေါ်မေမြတ်ချိုက ပြောကြားသည်။

စီးကရက်ဈေး ချိုသာစေပြီး အလွယ်တကူ ရရှိစေနိုင်သည့် ပြည်တွင်းထုတ်လုပ်မှုကလည်း မြင့်တက်လာနေသည်။ ၁၉၉၀ ပြည့်လွန်နှစ်များတွင် အမြင့်ဆုံးနှုန်းအဖြစ် နှစ်စဉ်စီးကရက်ထုတ်လုပ်မှု သန်း ၅၀၀ ရှိခဲ့သည်ဟု SEATCA ၏ စာရင်းတွင် ဖော်ပြသည်။ ၂၀၀၅ တွင် ထုတ်လုပ်မှုမှာ အလိပ်ရေး သုံးလီလီယံအထိ မြင့်တက်ခဲ့ပြီး ယမန်နှစ်က ထုတ်လုပ်မှု အလိပ်ရေ ငါးဘီလီယံအထိ ရှိသည်ဟုဆိုသည်။

အစိုးရသစ်တွင် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ စိန်ခေါ်မှုများ ကြုံတွေ့နေရချိန်တွင် စီးကရက်ထုတ်လုပ်မှု လျင်မြန်စွာ မြင့်တက်လာခြင်းကို တားဆီးရန် ခက်ခဲသည်။ မြန်မာနိုင်ငံတွင် အစဉ်အလာ ဆေးရွက်ကြီး ထုတ်ကုန်များ သုံးစွဲသူများက အစီခံ စီးကရက်များ ပြောင်းလဲ သောက်သုံးမှု မြင့်တက်လာသည်ဟု ဆိုသည်။

“ မြန်မာလို နိုင်ငံမျိုးတွေမှာ တီဘီ၊ ငှက်ဖျားလို ကူးစက်ရောဂါတွေ၊ မီးဖွားစဉ် သေဆုံးမှုနဲ့ ကလေးငယ် သေဆုံးမှုတွေကို ရင်ဆိုင် တိုက်ဖျက်နေရတာပါ။ ဆေးလိပ် ကုမ္ပဏီကြီးတွေနဲ့ ရင်ဆိုင်ရတာက ဒါတွေနဲ့ ခြားနားပါတယ်။ ခြင်တွေ၊ ဘက်တီးရီးယားတွေနဲ့ ရင်ဆိုင်ရတာ မဟုတ်ပါဘူး” ဟု BAT ၀န်ထမ်းဟောင်းက ပြောကြားခဲ့သည်။

ဆေးလိပ်သောက်သုံးခဲ့သည်မှာ တစ်နှစ်ခန့်ရှိပြီဖြစ်သည့် အသက် ၁၆ နှစ်အရွယ် တက္ကသိုလ် ကျောင်းသား ကိုကောင်းထက်လင်းက စိတ်ဖိစီးမှု လျှော့ချရန် ဆေးလိပ်သောက်သည်ဟု ဆိုသည်။ ယခုအခါ သူက ဆေးလိပ် ဖြတ်ရန် ခက်ခဲနေပြီဟု ဆိုသည်။

“ကျွန်တော် ဆေးလိပ်ဖြတ်ချင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရှေ့မှာ တစ်ယောက် ယောက် ဆေးလိပ်သောက်ရင် ကျွန်တော်လည်း သောက်ချင်လာပါတယ်” ဟု ကိုကောင်းထက်လင်း က ဆိုသည်။ ပြောင်းလဲမှုတစ်ခုအဖြစ်မူ ယင်းက ပြည်တွင်းတံဆိပ် သောက်သုံးနေရာမှ BAT ထုတ် အမှတ်တံဆိပ်ကို ပြောင်းလဲ သောက်သုံးလာခြင်းဖြစ်သည်။

“အများအားဖြင့်တော့ ကျွန်တော်က Red Ruby သောက်ပါတယ်။ အခုတော့ Lucky Strike သောက်ပါတယ်” ဟု ကိုကောင်းထက်လင်း က ပြောကြားခဲ့သည်။

KHTun

The Ladies News

Ref - The Globe

No comments: