Saturday, June 4, 2016

ကိုယ်ပိုင်အထက်တန်းကျောင်းများ တစ်နိုင်ငံလုံးတွင် မဘသဦးစီး၍ ဖွင့်မည်ဟုဆို -----------------------------------------

ကိုယ်ပိုင်အထက်တန်းကျောင်းများ တစ်နိုင်ငံလုံးတွင် မဘသဦးစီး၍ ဖွင့်မည်ဟုဆို
-----------------------------------------------

မန္တလေး၊ ဇွန် ၃

အမျိုးသားရေးစိတ်ဓာတ်နိုးကြားရန် သင်ကြားပေးမည့် မဟော်သဓာ ကိုယ်ပိုင်အထက်တန်းကျောင်းနည်းတူ ကျောင်းများကို အမျိုးဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့(မဘသ) ကဦးစီး၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွင့်လှစ်မည်ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရှိရသည်။

စာသင်းကျောင်းတက်ရောက်ခွင့်မရသည့် ကလေးငယ်များအတွက် ရည်ရွယ်ကာဖွင့်လှစ်ရန်စီစဉ်ခြင်းဖြစ်ကြောင်း အထက်မြန်မာပြည်မဘသအဖွဲ့ဝင် ဆရာတော်ဦးသုဇန (ခေတ်သစ်ရာဇာဆရာတော်)က မိန့်ကြားသည်။

“အခုတော့ ရန်ကုန်မှာတစ်ကျောင်း(မဟော်သဓာ) တည်းပဲ ရှိသေးတယ်။ မန္တလေးမှာတော့ ဆရာတော်ဦးဝီရသူရဲ့ လောကအလင်းပရဟိတကျောင်းက ဖွင့်ထားတာ သုံးနှစ်လောက်ရှိပြီ။ သင်ကြားပြသမှုမှာတော့ အားလုံးအတူတူပဲဖြစ်မယ်။ ကျန်တဲ့မြို့တွေမှာလည်း ဆက်ဖွင့်သွားဖို့စီစဉ်သွားမယ်” ဟု ဆရာတော်ကမိန့်သည်။

အဆိုပါကျောင်းများတွင် အလယ်တန်းနှင့် အထက်တန်းအဆင့်ကို သင်ကြားပေးမည်ဖြစ်ပြီး အစိုးရကပြဋ္ဌာန်းထားသည့် သင်ရိုးညွှန်းတန်းများအပြင် အမျိုးသားရေးစိတ်ဓာတ်နိုးကြားလာစေရန် သင်ကြားပို့ချမည်ဖြစ်ကြောင်း ဆရာတော်ဦးသုဇနက ဆက်လက်မိန့်ကြားသည်။

ကလေးငယ်များအတွက် နေထိုင်စားသောက်ရေးကို အခမဲ့စီစဉ်ပေးမည်ဖြစ်ကြောင်း ဆရာတော်ကမိန့်ကြားသည်။

“အရင်တုန်းက ဘုန်းကြီးကျောင်းတွေမှာ သင်ကြားတဲ့ကလေးငယ်တွေက မနက်ဆိုဘုရားဝတ်တက်ကြရတယ်။ တရားထိုင်ကြရတယ်။ အဲဒီအစဉ်အလာတွေက ပျက်ကုန်တာကြာပြီ။ ဒီလိုကျောင်းတွေမှာ နှလုံးသားထဲ ဘာသာရေးယဉ်ကျေးမှုကိန်းအောင်းလာစေဖို့ သင်ကြားပေးမှာဖြစ်တယ်။ ဒါကလည်းအမျိုးသားရေးပါပဲ ”ဟု မဘသ၏ ဦးဆောင်ဆရာတော် ဦးဣန္ဒြာစက္ကဘိဝံသက မိန့်ကြားသည်။

မဟော်သဓာကိုယ်ပိုင်အထက်တန်းကျောင်းကို ရန်ကုန်တိုင်း လှည်းကူးမြို့နယ်တွင် ဖွင့်လှစ်ထားပြီး အဆိုပါကျောင်းတွင် အဋ္ဌမတန်းကျောင်းသူ၊ ကျောင်းသားဦးရေ ၁၅၀လက်ခံထားကာ သင်ကြားပေးနေပြီး နေ့စဉ်ကျပ်တစ်သိန်းခွဲဝန်းကျင်ခန့်ကုန်ကျကြောင်း အဆိုပါကျောင်းပြန်ကြားရေးတာဝန်ရှိသူ ဆရာသူရိန်စိုး (ဓမ္မဒူတ) က ပြောကြားသည်။

“ဒီကျောင်းက ဆရာတော်ဦးပညာဝရဖွင့်ထားတာပါ။ ဆရာတော်က မဘသအဖွဲ့မှာပါဝင်ပေမယ့် ဒီကျောင်းကို မဘသက ဖွင့်တယ်လို့ပြောလို့မရပါဘူး။ဆရာတော်တွေရဲ့ ဩဝါဒကိုတော့ ခံယူမှုတော့ရှိတာပေါ့ ” ဟု ၎င်းကရှင်းပြသည်။

အဆိုပါကျောင်းမှာ ပညာရေးဝန်ကြီးဌာနလက်အောက်ရှိကျောင်းဖြစ်ပြီး ကျောင်းမတက်မီ ကလေးငယ်များကို ဆရာတော်များက ဘုရားရှိခိုးနှင့်သီလပေးသော်လည်း အမျိုးသားရေးဓိတ်ဓာတ်နိုးကြားစေမည့် အခြားမည့်သည့်အကြောင်းအရာကိုမှ သင်ကြားပေးခြင်းမရှိကြောင်း ၎င်းကရှင်းပြသည်။

လက်ရှိတွင် ကျောင်းဆက်လက်တည်တံ့ရေးအတွက် တစ်ဦးလျှင်ကျပ်တစ်သိန်းနှုန်းဖြင့် ကျပ်သိန်းပေါင်းတစ်သောင်းခန့်ရရှိရန်အတွက် ကြိုးပမ်းနေပြီး လာမည့်နှစ်များတွင် အဋ္ဌမတန်းနှင့် နဝမတန်း၊ ဒသမတန်းစသည်ဖြင့် သင်ကြားပေးသွားမည်ဖြစ်ကြောင်း ဆရာသူရိန်စိုးကပြောဆိုသည်။

(ဓာတ်ပုံ- မဟော်သဓာအခမဲ့ကိုယ်ပိုင်အထက်တန်းကျောင်း Facebook)


No comments: