Tuesday, June 7, 2016

စာသင်ခန်းအတွင်း ဓားထိုးမှုဖြစ် --------------------

စာသင်ခန်းအတွင်း ဓားထိုးမှုဖြစ်
--------------------

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် အမှတ် ၁၉ ရပ်ကွက်ရှိ အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်း နဝမတန်း တန်းခွဲတစ်ခုတွင် ယနေ့ ( ဇွန်လ ၇ ရက်) ညနေ ၃ နာရီခန့်က ကျောင်းသားချင်း ဓားထိုးမှု ဖြစ်ပွားခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။

ကျောင်းသားချင်း စကားများရာမှ လွယ်အိတ်တွင် ပါလာသည့်ဓားဖြင့်ထိုးခဲ့ခြင်းကြောင့် အသက် ၁၅ နှစ်အရွယ် နဝမတန်း ကျောင်းသားတစ်ဦး ကျောပြင်တွင် ထိုးသွင်းဒဏ်ရာ တစ်ချက်ရရှိခဲ့ကြောင်း၊ အဆိုပါကျောင်းသားကို တောင်ငူဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး မစိုးရိမ်ရကြောင်း တောင်ငူမြို့ မြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး နှစ်ဖက်မိဘများ ညှိနိုင်းဆွေနွေးဆဲ ဖြစ်သည့်အတွက် ဖြစ်ပွားရသည့်အကြောင်းကို ပြောကြားခွင့် မရှိသေးပါကြောင်း တောင်ငူမြို့နယ် ပညာရေးမှူးရုံး လက်ထောက်ပညာရေးမှူးတစ်ဦးက ပြောကြားသည်။

အမှုဖွင့်မည် မဖွင့်မည်ဆိုသည်မှာ နှစ်ဖက်မိဘများ၏ သဘောဖြစ်ပြီး လက်ရှိတွင် အမှုနှင့်ပတ်သက်ပြီး မှတ်တမ်း ရေးသွင်းနေဆဲသာဖြစ်ကြောင်း တောင်ငူမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။


No comments: