ပြီးခဲ့သည့်ကာလက ပြည်သူအားအသိမပေး မရှင်းလင်းခဲ့သည့် ကိစ္စများကို လက်ရှိတာဝန်ရှိသူများအား မမေးမြန်းရန် ပြည်သူ့လွှတ်တော်ဥက္ကဌက ကိုယ်စားလှယ်များအားသတိပေး
--- --- ---
ပြီးခဲ့သည့်ကာလက မရှင်းလင်းခဲ့သည့်၊ မလုပ်ခဲ့သည်များကို လက်ရှိတာဝန်ရှိသူများအား မေးခွန်းမေးမြန်းပါက ယင်းမေးခွန်းသည် အကျိုးအာနိသင်မရှိနိုင်ခြင်းကြောင့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အဆိုများ၊ မေးခွန်းများမေးရာတွင်သတိပြုရန် ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က လွှတ်တော် ကိုယ်စားလှယ်များအား သတိပေးစကားပြောကြားလိုက်သည်။
ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်၊ ပထမပုံမှန်အစည်းအဝေး (၄၀)ရက်မြောက်ကို ဇွန် ၇ ရက်က ကျင်းပနေစဉ် လွှတ်တော်ခန်းမအတွင်း ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ယင်းကဲ့သို့ပြောကြားလိုက်ခြင်းဖြစ်သည်။
“မေးခွန်းရှင်အနေနဲ့ ကိုယ့်ရဲ့မေးခွန်းက အခြေအနေအချိန်အခါနဲ့ ကိုက်လား၊ မကိုက်လား သတိပြုဖို့လိုပါတယ်။ ပြီးခဲ့တဲ့ကာလကဖြစ်ပျက်ခဲ့တဲ့၊ မရှင်းခဲ့တဲ့၊ ပြည်သူလူထုရှင်းရှင်းလင်းလင်းသိအောင် မပြောခဲ့တဲ့ဟာကို အခုကာ လမှာ လာမေးတာကတော့ ဆက်စပ်ခြင်း၊ မဆက်စပ်ခြင်းကို၊ ဒီမေးခွန်းကို ဦးစွာသုံးသပ်ဖို့လိုပါတယ်။ ဒါကို မေး ခွန်းတိုင်း၊ အဆိုတိုင်း သတိပြုဖို့လိုပါတယ်။ အခုလက်ရှိတာဝန်ရှိတဲ့သူကို ဒီမေးခွန်းသွားမေးလို့ ကိုယ့်ရဲ့မေးခွန်း က ဘယ်လိုလုပ်ပြီးအကျိုးအာနိသင်ရှိမှာလဲ။ အဲဒါကိုသတိပြုဖို့လိုပါတယ်။”ဟု ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်း မြင့်ကပြောသည်။
ဦးဝင်းမြင့်သတိပေးလိုက်သည့် စကားအဓိပ္ပါယ်မှာ ယခင်အစိုးရလက်ထက်တွင် လုပ်ဆောင်ခဲ့သည့်ကိစ္စများနှင့် ပတ်သက်၍ လက်ရှိအစိုးရလက်ထက်တွင် မေးမြန်းခြင်းမပြုရန်ဆိုလိုသည်ဟု နားလည်လိုက်ကြောင်း လွှတ် တော်ကိုယ်စားလှယ်များက ဆိုသည်။
မည်သည့်အစိုးရအဖွဲ့ပြောင်းပြောင်း၊ အစိုးရအဖွဲ့သည် အစိုးရအဖွဲ့တစ်ခု၏လုပ်ရပ်များကို တာဝန်ခံသင့်ခြင်း ကြောင့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မရှင်းသည့်၊ ပြည်သူများသိလိုသည့် မေးခွန်းများအား မေးမြန်း သွားမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များကပြောသည်။
“ပြည်သူလူထုက ခက်ခဲနေတယ်ဆိုရင်တော့ ဟိုးနှစ်ငါးဆယ်ကလုပ်ခဲ့တဲ့ဟာတွေလည်း အခုမေးဖို့လိုအပ်ရင် မေးမှာပဲ။ ပြည်သူလူထုက လွှတ်တော်ကိုယ်စားလှယ်ကတဆင့်မေးတဲ့အခါမှာ ပြည်သူကိုယ်စားမေးပေးရမယ့် တာဝန်ရှိတယ်။ ကျွန်တော်ကတော့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ရဲ့ ရပ်တည်မှုအတိုင်း ဆက်လုပ် သွားမယ်။”ဟု သနပ်ပင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးကပြောသည်။
လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူများကိုယ်စား လွှတ်တော်အတွင်း မေးခွန်းများမေးမြန်းရာတွင် မည့်သည့်အစိုးရလက်ထက်ကအကြောင်းအရာဖြစ်စေ၊ လက်ရှိတာဝန်ရှိသည့်အစိုးရကိုသာ မေးမြန်းခွင့်ရှိခြင်း ကြောင့် မေးမြန်းသွားမည်ဖြစ်ပြီး သိလိုသည်များအား ဆက်လက်၍လည်းမေးမြန်းသွားမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များကပြောသည်။
MMK ( မြစ်မခ)
The Ladies News
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, June 7, 2016
ပြီးခဲ့သည့်ကာလက ပြည်သူအားအသိမပေး မရှင်းလင်းခဲ့သည့် ကိစ္စများကို လက်ရှိတာဝန်ရှိသူများအား မမေးမြန်းရန် ပြည်သူ့လွှတ်တော်ဥက္ကဌက ကိုယ်စားလှယ်များအားသတိပေး --- --- ---
Subscribe to:
Post Comments (Atom)
No comments:
Post a Comment