Sunday, June 5, 2016

တရုတ်သို့ တရားမဝင်သစ်တင်ပို့မှု တစ်နှစ်လျှင် တန်ချိန် ခုနစ်သန်းခန့်ရှိဟုဆို

 ရန်ကုန်၊ ဇွန် ၎
နယ်စပ်ဒေသများမှတစ်ဆင့် တရုတ်နိုင်ငံသို့ တရားမဝင်သစ်တင်ပို့မှုမှာ တစ်နှစ်လျှင် တန်ချိန် ခုနစ်သန်းခန့်ရှိကြောင်း မြန်မာနိုင်ငံ သစ်တောထွက်ပစ္စည်းလုပ်ငန်းရှင်များ အသင်းချုပ်ထံမှ သိရသည်။
“သစ်အလုံးလိုက်တင်ပို့မှုက တရားဝင်ပိုင်းမှာပိတ်သွားပေမယ့် နယ်စပ်လက်နက်ကိုင်တွေကတော့ လှုပ်ရှားနေကြတယ်” ဟု ယင်းအသင်းချုပ် အလုပ်အမှုဆောင် ဦးမျိုးမြင့်က ပြောကြားသည်။
အလားတူ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သို့လည်း တရားမဝင်တင်ပို့မှုများရှိကာအစိုးရသို့ တင်ပြမှုများပြုလုပ်သော်လည်း မငြိမ်းချမ်းသည့်နယ်မြေများဖြစ်သောကြောင့် ကိုင်တွယ်ဖြေရှင်းရာတွင် အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း မြန်မာနိုင်ငံ သစ်တောထွက်ပစ္စည်းလုပ်ငန်းရှင်များ အသင်းချုပ်ထံမှ သိရသည်။
အဆိုပါတန်ချိန် ခုနစ်သန်းမှာ တရားမဝင်လမ်းကြောင်းမှတစ်ဆင့် နှစ်စဉ်တင်ပို့နေခြင်းဖြစ်ပြီး သစ်အမျိုးအစားမျိုးစုံပါဝင်ကာ သစ်အမြစ်များနှင့် ကိုင်းဖျားကိုင်းနားများကိုပါ တူးဖော်ခုတ်ယူမီးသွေးဖုတ်၍ ယူဆောင်သွားကြောင်း၊ သစ်တောထွက်ပစ္စည်း လုပ်ငန်းရှင်များ အသင်းချုပ်အနေနှင့် တစ်နှစ်လျှင် သစ်ကုန်ချောတန်ချိန် တစ်သိန်းခန့်နှင့် ကုန်ကြမ်းတန်ချိန်နှစ်သိန်းခန့်သာ တရားဝင်တင်ပို့ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။

No comments: