ပြည်သူ့လွှတ်တော်သို့ တက်ရောက်လာသော လွှတ်တော် ကိုယ်စားလှယ်များကို တွေ့ရစဉ်
မေးခွန်းများ၊
အဆိုများအား လွှတ်တော်၌ တင်သွင်းဖြေကြားခြင်း မပြုမီ လွှတ်တော်နည်းဥပဒေအရ
မီဒီယာများနှင့် ပြင်ပသို့ ထုတ်ဖော်ပြောကြားခြင်း မပြုရန် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်များအား လွှတ်တော်က ပန်ကြားလွှာ ထုတ်ပြန်မှုအပေါ် ခေတ်ကာလနှင့်အညီ
ပြောဆို ရေးသားခွင့်အား ဖြေလျှော့ ပြင်ဆင်ပေးသင့်ကြောင်း တိုင်းရင်းသား
ပါတီများမှ လွှတ်တော်ကိုယ်စားလှယ် အချို့က အကြံပြု ပြောကြားသည်။
အဆိုပါ ပန်ကြားလွှာတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် လွှတ်တော်သို့ မေးခွန်းများ၊ အဆိုများနှင့် အရေးကြီးအဆိုများ တင်သွင်းရာတွင် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေများနှင့် အညီ တင်သွင်းရန် လိုအပ်မည်ဖြစ်ကြောင်း၊ သို့ရာတွင် အချို့သော လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် သတ်မှတ်ပြဋ္ဌာန်းထားသော နည်းဥပဒေများကို လိုက်နာခြင်း မပြုဘဲ ဆောင်ရွက်လျက် ရှိကြောင်း ရေးသား ဖော်ပြထားသည်။
“လွှတ်တော်က ပြဋ္ဌာန်းထားတဲ့ နည်းဥပဒေပေါ့။ ဆိုတော့ ခေတ်ကာလနဲ့ မတူညီတာ တစ်ခု ပါတာပေါ့။ အချိန်ကာလချင်းလည်း မတူတော့ဘူး။ နောက်ပြီးတော့ ဒီဥပဒေဆိုတာ လွှတ်တော်ကိုယ်စားလှယ်တွေက မေးခွန်းတွေ၊ အဆိုတွေ အဲဒါတွေက ပြည်သူ့ကိုယ်စား တင်ပြရတဲ့ ကိစ္စတွေပေါ့။ နိုင်ငံတော်ရဲ့ ထိပ်တန်းလျှို့ဝှက် ကိစ္စတွေလည်း မဟုတ်ပါဘူး။ လူထုတွေရဲ့ မြေပြင်မှာ တကယ့် ဖြစ်နေတဲ့ ကိစ္စပဲ။ အဲဒါတွေကို လူထုကိုလည်း တစ်ခါခါ ပြောရတာ ရှိတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ လူထုတွေနဲ့ တွေ့တဲ့အခါမှာပဲ ဖြစ်ဖြစ်၊ လူထုတွေက သတင်းမေးတဲ့ အခါမှာပဲ ဖြစ်ဖြစ်၊ ကျွန်တော်တို့ကတော့ ဘယ်ကိစ္စကို အဆိုဖြစ်ဖြစ်၊ မေးခွန်းဖြစ်ဖြစ် တင်ထားတယ် ဆိုတာ အဲဒီလောက်တော့ ပြောလို့ ရတာပေါ့နော်။ အဆိုရဲ့ အသေးစိတ်ကိုပြောတာ မဟုတ်ပါဘူး။ ဒါကတော့ ဘာပဲပြောပြော လူထုနဲ့ လွှတ်တော် ကိုယ်စားလှယ်ကြားမှာ ဆက်သွယ်ထားတဲ့ Facebook ဖြစ်ဖြစ်၊ မီဒီယာ ဖြစ်ဖြစ် တစ်ခုခုမှာတော့ ပြောမှာပဲလေ။ ဥပမာ ဆိုရင်တော့ စစ်ကိုင်း သစ်အချောထည် အလုပ်သမားတွေ ဖမ်းတုန်းကလည်း ဒေသခံ လွှတ်တော်ကိုယ်စားလှယ်တွေက သွားပြီးတော့ အဆိုတင်မှာ ဆိုပြီးတော့ ကတိခံခဲ့တာပဲလေ။ လက်ပံတောင်း ကိစ္စလည်း အဲဒီလိုပဲ။ စစ်ပွဲတွေ ရပ်စဲဖို့ ကိစ္စလည်း အဲဒီလိုပဲ။ ဒါက အသေးစိတ်ကိုတော့ ပြောစရာလည်း မလိုဘူး။ ပြောလည်း မပြောကြပါဘူး။ ခေါင်းစဉ်၊ အကြောင်းအရာလောက်ကတော့ ပြောကြပါတယ်။ အဲဒီလောက် ကိစ္စနဲ့လည်း ဘာမှ ပြဿနာ မရှိပါဘူး။ ဒါကတော့ မလိုအပ်ဘူး ထင်တယ်။ ဒီနည်းဥပဒေကတော့ ဖျက်သိမ်းရမှာပေါ့” ဟု ရခိုင်အမျိုးသား ပါတီဝင် မြေပုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောကြားသည်။
ထို့ပြင် မေးခွန်းများနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ဆိုင်ရာ နည်းဥပဒေ ၁၄၉ တွင် “ပြည်ထောင်စု အစိုးရ အဖွဲ့က လွှတ်တော်တွင် ဖြေဆိုရန်ဖြစ်သော မေးခွန်းနှင့် အဖြေများကို လွှတ်တော်တွင် ဖြေကြားပြီးသည်အထိ သို့မဟုတ် ပြည်သူ့လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ ပေးပို့ပြီးသည်အထိ သတင်း ထုတ်ပြန် ကြေညာခြင်း မပြုရ” ဟု သတ်မှတ် ပြဋ္ဌာန်းထားပြီးဖြစ်၍ လွှတ်တော်တွင် မေးမြန်းခြင်း မပြုရသေးသော မေးခွန်းများအား မီဒီယာများထံ ဖြန့်ဝေခြင်း၊ သတင်းစာ၊ ဂျာနယ်များတွင် ထုတ်ဖော်ရေးသားခြင်းများ ရှောင်ကြဉ်ကြရန် လိုအပ်မည်ဖြစ်ကြောင်း ပန်ကြားလွှာတွင် ဖော်ပြ ပါရှိသည်။
ထို့အတူ နည်းဥပဒေပုဒ်မ ၁၄၀ (စ)တွင် “လွှတ်တော်တွင် ဖြေဆိုပြီးဖြစ်သော မေးခွန်းများနှင့် သဘောထားချင်း တူညီသော မေးခွန်း သို့မဟုတ် ဖြေဆိုရန် ငြင်းဆိုခဲ့သော မေးခွန်း မဖြစ်စေရ” ဟု သတ်မှတ်ထားပြီး ဖြစ်၍ ကိုယ်စားလှယ်များ အနေဖြင့် မေးခွန်းများ တင်သွင်းခြင်း မပြုမီ စနစ်တကျ စုံစမ်း စိစစ်၍ တင်သွင်းရန် လိုအပ်မည် ဖြစ်ကြောင်း၊ အဆိုများနှင့် စပ်လျဉ်း၍ နည်းဥပဒေပုဒ်မ ၁၅၇ (စ) တွင် ဥက္ကဋ္ဌက ခွင့်မပြုရသေးမီ မည်သည့် အဆိုကိုမျှ ထုတ်ပြန် ကြေညာခြင်း မပြုရဟု အတိအလင်း ဖော်ပြထားရှိသော်လည်း လိုက်နာမှု မရှိဘဲ ပြည်တွင်း ပြည်ပ မီဒီယာများတွင် ထုတ်ဖော်ပြောဆိုခြင်း၊ Facebook ကဲ့သို့ လူမှုကွန်ရက်များတွင် ရေးသားခြင်း၊ နိုင်ငံပိုင် သတင်းစာများတွင် ထည့်သွင်းခြင်းများ ပြုလုပ် ဆောင်ရွက်လျက်ရှိကြောင်း ပန်ကြားလွှာတွင် ဖော်ပြ ပါရှိသည်။
“ကျွန်တော်နဲ့ကတော့ နည်းဥပဒေကို ဖျက်သိမ်းတာထက် ပြင်ဆင်တာမျိုး လုပ်သင့်တယ်လို့ ထင်တယ်။ ဖြစ်သင့်တာပေါ့။ ကျွန်တော်တို့ မိဘပြည်သူတွေကဆိုရင် ကျွန်တော့် မဲဆန္ဒနယ်က ဆိုရင် အဆိုဘယ်နှခု တင်ပြီးပြီလဲ ဆိုတဲ့ ပုံစံမျိုးတွေ။ ကျွန်တော်တို့က တင်ထားရက်နဲ့ ပယ်ခံရတာမျိုး ဆိုရင် ပယ်ခံရတဲ့ အကြောင်းပြောပြဖို့ တာဝန် ရှိတယ်လေ။ အဲဒါမျိုးကို ကျွန်တော်တို့က Social Media တွေမှာ ပြောပိုင်ခွင့်၊ လူတွေသိအောင် လုပ်ပိုင်ခွင့် မရှိဘူးဆိုရင် ကျွန်တော်တို့ အတွက်လည်း နစ်နာတယ်။ ပြည်သူ အတွက်လည်း နစ်နာတယ်။ ပြင်ဆင်မယ် ဆိုရင်လည်း တိကျတဲ့ ပုံစံမျိုးနဲ့ ဘယ်ဟာမျိုး ဆိုရင်တော့ မတင်ရဘူးဆိုတဲ့ ပုံစံမျိုးပဲ ဖြစ်သင့်တယ်လို့ ယူဆတယ်။ ပြင်ဆင်သင့်တယ်လို့ ယူဆတယ်။ လုံးဝ မရှိသင့်ဘူး ဆိုတာမျိုးတော့ မပြောလိုဘူး။ ကျွန်တော်တို့ နိုင်ငံရေး အခြေအနေက တစ်စုံတစ်ရာ ထိန်းချုပ်ထားဖို့ လိုအပ်တယ် ဆိုတဲ့ အခြေအနေမျိုးမှာ ကျွန်တော်တို့ အနေနဲ့ လက်ခံတယ်။ အဲဒီလောက်ကြီး ကန့်သတ်တာမျိုး၊ ချုပ်ချယ်တာမျိုး လုပ်တယ်ဆိုရင် အထူးသဖြင့် ကျွန်တော်တို့လိုမျိုး minority အတွက် အများကြီး နစ်နာမှု ရှိတယ်လို့ ယူဆတယ်” ဟု တအာင်း(ပလောင်)ပါတီဝင် နမ့်ဆန်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မိုင်းဝင်းထူးက ပြောကြားသည်။
အလားတူ အဆိုတွင် လွှတ်တော် အစည်းအဝေး၌ ဆွေးနွေး ဆုံးဖြတ်ပြီး ကိစ္စရပ် တစ်ရပ်နှင့် သဘောချင်း တူညီသည့် ကိစ္စများ မဖြစ်စေရဟု နည်းဥပဒေတွင် ပြဋ္ဌာန်းထားရှိပြီး ဖြစ်သော်လည်း အချို့သော ကိုယ်စားလှယ်များသည် ဆွေးနွေး ဆုံးဖြတ်ပြီးသော အဆိုများ တင်သွင်းခြင်း၊ သဘောချင်း တူညီသော ကိစ္စများ တင်သွင်းခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း၊ အရေးကြီး အဆိုသည် လွှတ်တော်တွင် သာမန်နည်းလမ်းအားဖြင့် တင်ပြ ဆွေးနွေးရန် မဖြစ်မှသာ အရေးကြီး အဆိုအဖြစ် တင်သွင်းရန် ဖြစ်သော်လည်း မလိုအပ်ဘဲ အရေးကြီး အဆိုအဖြစ် တင်သွင်း ဆောင်ရွက်လျက် ရှိကြောင်း ပန်ကြားလွှာတွင် ရေးသားထားသည်။
သို့ဖြစ်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ပြဋ္ဌာန်းထားရှိပြီးဖြစ်သော ဥပဒေ၊ နည်းဥပဒေများကို သိရှိလိုက်နာ ဆောင်ရွက်ခြင်းဖြင့် ဥပဒေပြုရေး မဏ္ဍိုင်၏ ဂုဏ်သိက္ခာကို ဆက်လက် မြှင့်တင်သွားနိုင်မည်ဖြစ်ကြောင်း အသိပေး ပန်ကြားလွှာ၌ ထည့်သွင်း ဖော်ပြထားသည်။
ပထမအကြိမ် ပြည်ခိုင်ဖြိုး ပါတီမှ ဦးဆောင်သော လွှတ်တော်သက်တမ်းတွင် နည်းဥပဒေများ ရှိခဲ့သော်လည်း ယခုကဲ့သို့ ပန်ကြားလွှာ ထုတ်ပြန်ခြင်း၊ သတိပေးခြင်းများ မရှိခဲ့ကြောင်း၊ မည်သည့်အတွက် ထုတ်ဖော် မပြောစေချင်သည်ကို မသိရှိရကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောကြားသည်။
“အဲဒီလို ပြောလိုက်လို့လည်း ဘယ်သူ့မှာမှ အကျိုးထိခိုက် နစ်နာစရာ အကြောင်း မရှိပါဘူး။ အဲဒါကြောင့် မလိုအပ်တော့ဘူးလို့ ထင်တယ်လေ။ ဒါပေမဲ့ အခုက အဲဒါကို ပြည်သူ့ ကိုယ်စားလှယ်ဆိုတဲ့ လွှတ်တော်ကြီးကတောင်မှ အဲဒါကြီးကို ကိုင်ပြီး စကားပြောလာပြီ ဆိုတော့ ကျွန်တော်တို့လည်း တော်တော်ကို ဆင်ခြင်ရတာပေါ့။ ဘာလို့လဲဆိုတော့ လွှတ်တော်ကိုယ်စားလှယ်ကိုတော့ ဘာမှ မထိခိုက်ပါဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့ အဆိုတွေ၊ မေးခွန်းတွေ၊ မမေးရခင် ရှုံးနိမ့်သွားမှာ ဆိုးရတာပေါ့။ အဲဒါမျိုးနဲ့ ယှဉ်ယှဉ်နေရတဲ့ အပိုင်းဖြစ်တော့ လွှတ်တော် ကိုယ်စားလှယ်တွေလည်း ပါးစပ်ပိတ်ကုန်တာပေါ့” ဟု ဦးဖေသန်းက ပြောကြားသည်။

Writer:
ကျော်ဇင်ဝင်း
No comments:
Post a Comment