မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဆေးဆိုင်များကို ရက် ၁၀၀ စီမံချက်ဖြင့် စစ်ဆေးမှုများပြုလုပ်နေရာ စစ်ဆေးပြီးသည့် ဆိုင်အားလုံးတွင် သောက်သုံးရန်မသင့်သည့်ဆေးဝါးများ ရောင်းချနေသည်ကို ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးညွှန်ကြားမှုဦးစီးဌာန (FDA) အကြီးတန်းအရာရှိ ဒေါက်တာဇင်ဇင်နွယ်က ပြောကြားသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ဆေးဆိုင်ပေါင်း ၇၀၀ကျော်ရှိပြီး ပြီးခဲ့သည့်
မေလအတွင်း ဆိုင်ပေါင်း ၉၀ ကျော်ကို စစ်ဆေးပြီးဖြစ်ရာ
ဆိုင်ရာခိုင်နှုန်းပြည့်နီးပါး သောက်သုံးရန်မသင့် ဆေးဝါးများ
ရောင်းချနေသည်ကို တွေ့ရှိခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
“FDA တစ်ခုတည်းက စစ်တာမဟုတ်ပါဘူး။ နိုင်ငံတကာ ဆေးဝါးတိုက်ဖျက်ရေးရဲတပ်ဖွဲ့စီမံကိန်းနဲ့ စစ်ဆေးနေတာ။ FDA က ပညာရှင်အနေနဲ့ ဆေးဝါးတွေကိုပဲ စစ်ဆေးပေးတာ။ ခုက ပစ္စည်းသိမ်း လက်မှတ်ထိုးတာလောက်ပဲလုပ်နေတာ။ ပညာပေးကာလ မဟုတ်တော့ဘူး” ဟု ၎င်းက ထပ်မံဆိုသည်။
ယင်းသို့ ရက်လွန်ဆေးဝါးများနှင့်မှတ်ပုံမတင်ထားသည့် ဆေးဝါးများဖမ်းဆီးမိပါက ပုဒ်မ ၁၅ အရ ထောင်ဒဏ် ၇ နှစ် (သို့မဟုတ်) ငွေဒဏ် ကျပ်ငါးသောင်းမှ ငါးသိန်းထိဖြစ်စေ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်နိုင်ကြောင်း ၎င်းက ရှင်းလင်းပြောကြားသည်။
“ အရေးယူဖို့က ညွှန်ကြားချက်ပေးပြီးသား။ ဒါပေမဲ့ သိမ်းတာပဲလုပ်ပေးနေတာ။ သူတို့ဆေးဆိုင်ဖွင့်ကတည်းက ဒါမျိုးတွေမရောင်းရဘူးဆိုတာ ပြောပြီးသား။ သက်ဆိုင်ရာ မြို့နယ်ဆေးဝါးကြီးကြပ်ရေးကော်မတီကနေ သိုလှောင်တာကအစ အချိန်မရွေးစစ်မယ် ပြောပြီးသားပါ” ဟု ဒေါက်တာဇင်ဇင်နွယ်က ဆိုသည်။
ရက်လွန်ဆေးဝါးများကို ဆေးဆိုင်ဖွင့်ရန် လိုင်စင်ထုတ်ပေးသည့် သက်ဆိုင်ရာမြို့နယ် ဆေးဝါးကြီးကြပ်ရေး ကော်မတီသို့ လစဉ်သွားရောက်အပ်နှံရမည်ဖြစ်ပြီး လက်ရှိဖမ်းဆီးရာတွင် လိမ်းဆေးများ၊ အကိုက်အခဲပျောက်ဆေးများကို အဓိကတွေ့ရှိရကြောင်း အဆိုပါရုံးထံမှ စုံစမ်းသိရှိရသည်။
သက်တမ်းလွန်ဆေးဝါးနှင့် မှတ်ပုံမတင်ထားသော တရားမဝင်လမ်းကြောင်းမှဝင်ရောက်သည့်ဆေးများ မရောင်းချရန် ဆေးဆိုင်များသို့ ပြီးခဲ့သည့် ၂၀၀၅ခုနှစ်မှစတင်ကာပညာပေးမှုများပြုလုပ်ခဲ့ပြီး ပြည်သူများ အနေနှင့်လည်း အာမခံချက်ရှိသည့်ဆေးကိုသာ ကြည့်၍ဝယ်ယူသင့်ကြောင်း ၎င်းက အကြံပြုပြောဆိုသည်။
“ ကျွန်တော်တို့ကို အခုလိုဖမ်းနေတာတွေနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ်ဆီရော FDA တာဝန်ရှိသူတွေနဲ့ရော အပြုသဘောဆောင် ဆွေးနွေးဖို့ ဒီနေ့ပဲစာတင်ထားတယ်” ဟု မန္တလေးဈေးချိုတော်အတွင်း ဆေးဖွင့်လှစ်ရောင်း ချနေသည့် ဦးကျော်ဇေယျကပြောဆိုသည်။
မန္တလေးမြို့ အဆင့်မြင့်ဈေးချိုတော်အတွင်းရှိ ဆေးဆိုင်များကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ညွှန်ကြားမှုဦးစီးဌာန(FDA ) က ဆေးဝါးအတုရှာဖွေမှု စီမံချက်ဖြင့် ရှောင်တခင် ဝင်ရောက်ရှာဖွေစစ်ဆေးမည် ဆိုသည့်သတင်းကြောင့် အဆိုပါဈေး E နှင့် F ရုံတို့မှ ဆေးဆိုင် ၇၀ နီးပါးသည် ဇွန်လ ၂ရက်နေ့က ယာယီပိတ်သိမ်းခြင်း ကမ်ပိန်းလုပ်ဆောင်ခဲ့ကြောင်း အဆိုပါဆေးဆိုင်ပိုင်ရှင်များထံမှ စုံစမ်းသိရှိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဆေးဆိုင်နှစ်ဆိုင်ကို မှတ်ပုံတင်မထားသည့် မျက်စဉ်းဆေးရောင်းချမှုကြောင့် အမျိုးသားဆေးဝါးဥပဒေပုဒ်မ ၁၈ဖြင့် အမှုဖွင့်အရေးယူထားပြီး အဆိုပါအမှုကို ပြန်လည်သုံးသပ်ပေးရန် ဆေးဆိုင်ပေါင်း ၇၀ကျော်က တိုင်းဒေသကြီးဝန်ကြီးချုပ်ထံသို့ လက်မှတ်ရေးထိုးစာတင်သွားမည်ဖြစ်ကြောင်း အဆိုပါဆေးဆိုင်များထံမှ စုံစမ်းသိရှိရသည်။

No comments:
Post a Comment