Wednesday, June 1, 2016

မကြာခဏ မီးပြတ်နေခြင်းကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သတိပေး

မကြာခဏ မီးပြတ်နေခြင်းကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သတိပေး
-------------------------------

နေပြည်တော်၊ မေ ၃၁

မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီး အများစုတွင် လျှပ်စစ်မီးများ မကြာခဏ ပြတ်တောက်နေမှုများကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေနှင့် အမြန်ဆုံးဆောင်ရွက်ရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအား ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က သတိပေး ပြောကြားခဲ့သည်။

“ဂျာနယ်တွေမှာပါတဲ့ ကာတွန်းတွေမှာ ဖော်ပြနေတာတွေ တွေ့နေရပါတယ်။ အဲ့ဒီမှာ ဘာရေးထားလဲဆိုတော့ အရင်က မီးခဏခဏ ပြတ်တယ်။ အခု မီးခဏခဏ မလာဘူးလို့ ရေးထားတယ်။ ဒါတွေကို လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနက သတိချပ်သင့်ပါတယ်။ လွှတ်တော်ကလည်း သတိပေးပါတယ်”ဟု ၎င်းကဆိုသည်။

စွမ်းအင်ဝန်ကြီးသည် ယနေ့ ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကျောက်တံတား မဲဆန္ဒနယ်မှ ဦးနေမျိုးထက်၏ ကျောက်တံတား မြို့နယ်အတွင်း လျှပ်စစ်မီးပြတ်တောက်မှု မရှိစေရန် မည်ကဲ့သို့ ဆောင်ရွက် ထားရှိ၍ ပြတ်တောက်ပါက အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးနိုင်ရေးနှင့် ပုဂ္ဂလိက ကုမ္ပဏီများသို့ လွှဲ ပြောင်းထားခြင်း ရှိ မရှိ မေးမြန်းမှုကို လာရောက် ဖြေကြားပြီးနောက် ဦးဝင်းမြင့်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

လျှပ်စစ်မီး ပြတ်တောက်မှုများကို အမြန်ဆုံး ဆောင်ရွက်စေလိုကြောင်းလည်း လွှတ်တော် ဥက္ကဋ္ဌက ဆိုသည်။

လက်ရှိအချိန်တွင် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်မီးများ ပုံမှန်ရရှိရေးကို အဓိကထား ဆောင်ရွက်နေပြီး လျှပ်စစ်အန္တရာယ်မှ ကင်းဝေးရေးအတွက် ဟောင်းနွမ်းနေသည့် ဓါတ်ကြိုးများ ပြုပြင်ခြင်း၊ ဓါတ်တိုင်များ အစားထိုးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးက ပြန်လည် ပြောကြားခဲ့သည်။


No comments: