KIA အဖွဲ့မှ ဖမ်းဆီးထားသည့်လူသစ် ထွက်ပြေးလွတ်မြောက်သွားသဖြင့် မွေးချင်း ၂ ဦးအား ဖမ်းဆီး ခေါ်ဆောင်
5-12-2015
ကချင်ပြည်နယ်၊ ဆဒုံးမြို့၊ အထက်ရှမ်းရွာမှ ဖမ်းဆီးထားသည့်လူသစ် ၁ ဦး ထွက်ပြေးလွတ် မြောက်သွားသဖြင့် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ၎င်း၏ မွေးချင်းဖြစ်သူ ၂ ဦးအား KIA အဖွဲ့မှ အတင်းအကြပ် ဖမ်းဆီးခေါ်ဆောင် သွားကြောင်း ယင်းဒေသခံများထံမှ သိရှိရသည်။
ဆဒုံးမြို့၊ အမှတ်(၄) ရပ်ကွက်၊ အထက်ရှမ်းရွာမှ လူသစ်အဖြစ် ဖမ်းဆီးထားသည့် ဦးအိုက်ဝါအား ဒီဇင်ဘာလ ၃ ရက်နေ့တွင် ထွက်ပြေးလွတ်မြောက်သွားသဖြင့် KIA အဖွဲ့မှ လိုက်လံဖမ်းဆီးနေပြီး ၎င်းအားရှာဖွေရာ မတွေ့ရှိ သောကြောင့် အကိုဝမ်းကွဲတော်စပ်သူ ဦးအရုံနှင့် ညီမဖြစ်သူ ဒေါ်အတောင်တို့ ၂ ဦးအား အတင်းအကြပ်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း အထက်ရှမ်းရွာသား တစ်ဦးက ပြောပြသည်။
“ ရွာကို KIA အဖွဲ့တွေ ရောက်လာတယ်၊ သူတို့ဖမ်းထားတဲ့လူသစ် ထွက်ပြေးလို့ လိုက်ဖမ်းတာလို့ပြောတယ်၊ ရွာထဲမှာ တစ်အိမ်ဆင်းတစ်အိမ်တက် လိုက်ရှာတယ်၊ ဦးအိုက်ဝါက အိမ်ကိုမှပြန်မလာတာ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးကိုလည်း အဲဒီလူသစ်ကို ပြန်ရအောင်ဖမ်းပေးရမယ်လို့ပြောတယ်၊ ရွာထဲမှာ ရှာလို့မတွေ့တော့ ထွက်ပြေးသွားတဲ့ လူသစ်ဖြစ်သူ ဦးအိုက်ဝါရဲ့ အိမ်ကိုရောက်လာတယ်၊ အိမ်မှာလူသစ်ကိုမတွေ့လို့ အစ်ကိုဝမ်းကွဲနဲ့ ညီမဖြစ်သူတို့ ၂ ယောက်ကို ဇွတ်အတင်းဖမ်းခေါ်သွားတယ်၊ ထွက်ပြေးတဲ့သူကိုတော့မိအောင် ပြန်မဖမ်းနိုင်ဘူး၊ ကျန်တဲ့သူတွေကို ဖမ်းခေါ်သွားတာ၊ လူထုအပေါ် အနိုင်ကျင့်လွန်းပါတယ် ” ဟု ၎င်းက ဆက်လက်ပြောပြပါသည်။
KIA အဖွဲ့သည် ထွက်ပြေးလွတ်မြောက်သွားသည့်လူသစ်ဖြစ်သူ ဦးအိုက်ဝါ၏ အကိုဝမ်းကွဲတော်စပ်သူ ဦးအရုံနှင့် ညီမဖြစ်သူ ဒေါ်အတောင်တို့ ၂ ဦးအား အတင်းအကြပ်ဖမ်းဆီးခေါ်ဆောင်သွားပြီး မြေကျပ်ဒွန်စခန်းတွင် ထိန်းသိမ်း ထားရှိကြောင်း သိရသည်။
နော်ဂျာ
No comments:
Post a Comment