Saturday, December 26, 2015

ဆိုက္ကားဆရာများ စိတ်ဓာတ်သည် လွှတ်တော် ကိုယ်စားလှယ်လောင်းအချို့၏ စိတ်ဓာတ်ထက် သာလွန်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော ------ ------- -------

ဆိုက္ကားဆရာများ စိတ်ဓာတ်သည် လွှတ်တော် ကိုယ်စားလှယ်လောင်းအချို့၏
စိတ်ဓာတ်ထက် သာလွန်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
------       -------       -------

ဆိုက္ကားဆရာများ၏ စိတ်ဓာတ်သည် လွှတ်တော် ကိုယ်စားလှယ်လောင်းအချို့၏
စိတ်ဓာတ်ထက် သာလွန်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“ကျွန်မတို့ဆိုက်ကားဆရာတွေရဲ့ စိတ်ဓာတ်ဟာ အချို့ကိုယ်စားလှယ်လောင်းတွေ
ရဲ့ စိတ်ဓာတ်ထက် အများကြီးပိုသာတယ်။ တချို့ကိုယ်စားလှယ်လောင်းတွေက
ဘာနေရာရမလဲဆိုတာ မှန်းချင်နေကြတာ။ ဒါကျွန်မသိတယ် ။ ဒါပေမဲ့ ကျွန်မတို့
ဆိုက်ကားဆရာတွေ စိတ်က ဒီလိုစိတ်ဓာတ် မဟုတ်ဘူး။  ငါတို့ ဘယ်နေရာ
ရမလဲဆိုတာ မစဉ်းစားဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ပြီးခဲ့သည့် ရွေးကောက်ပွဲကာလအတွင်း အန်အယ်လ်ဒီပါတီဘက်မှ ရပ်တည်ကာ
အားပေးကူညီမှုများ ပြုလုပ်ခဲ့သည့် ဆိုက္ကားဆရာများနှင့် အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့သည် ဒီဇင်ဘာလ ၂၆ ရက်နေ့
မနက်ပိုင်းက ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီခန်းမတွင် တွေ့ဆုံခဲ့ရာတွင်
ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

အခြေခံ လူတန်းစားများဖြစ်သည့် ဆိုက္ကားဆရာများသည် နေရာရမည်ကို
မစဉ်းစားဘဲ မှန်ကန်သည့် စိတ်ဓာတ်ဖြင့် လုပ်ဆောင်ခဲ့ခြင်းကြောင့်
ဆိုက္ကားဆရာများ၏ လုပ်ဆောင်ချက်များကို အလွန်အမင်း တန်ဖိုးထားပါကြောင်း
လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“ငါတို့နိုင်ငံတိုးတက်ရင် ငါတို့အတွက်လည်း ကောင်းမယ်ဆိုတဲ့ မှန်ကန်တဲ့
စိတ်ဓာတ် နဲ့လုပ်တာကို ကျွန်မ အဲ့ဒီစိတ်ဓာတ်ကို အင်မတန်မှ တန်ဖိုးထားတယ် ။
ကျွန်မတို့အားလုံး အတုယူစရာဖြစ်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က
ပြောသည်။

လက်ရှိအချိန်တွင် အနိုင်ရထားသည့် အန်အယ်လ်ဒီပါတီအနေဖြင့် အစိုးရ
ဖွဲ့စည်းရေးနှင့် အာဏာလွှဲပြောင်း ရယူနိုင်ရေးတို့ကို ဆောင်ရွက်နေပြီး
လွှတ်တော် ကိုယ်စားလှယ်လောင်းများအနေဖြင့် ၀န်ကြီး ဒုဝန်ကြီး ရာထူးနေရာ
များကို အိပ်မက်မမက်ရန် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

"အဲဒီလိုဆိုရင်လည်း အဲဒီအမတ်တွေကို အန်အယ်လ်ဒီက ဘာလို့ ကိုယ်စားလှယ်
လောင်းအဖြစ် ရွေးခဲ့တာလဲ ၊ လူတွေကို အဲဒီအမတ်လောင်းတွေကို ဘာကြောင့်
မဲပေးဖို့ စည်းရုံးခဲ့တာလဲ " ဟု ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်နှင့်
ပတ်သက်၍ နိုင်ငံရေး လေ့လာသူ ကိုခိုင်မင်းက ထောက်ပြသည်။

ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်ခဲ့သည့် အဆိုပါတွေ့ဆုံပွဲသည်
ဒီချုပ်အား မဲဆွယ်စည်းရုံးရေး ကာလတွင် ကူညီမှုများ ပေးခဲ့သည့် ဆိုက္ကားဆရာ
များအား ဂုဏ်ပြုသည့်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ဆိုက္ကားဆရာများ အနေဖြင့်  ကျန်းမာရေးနှင့် ပတ်ဝန်းကျင်အတွက် ဆိုးကျိုးသာ
ဖြစ်စေသည့် ကွမ်းယာကို သိပ်မစားကြရန်လည်း ဒေါ်အောင်ဆန်းစုကြည်က
တိုက်တွန်း ပြောဆိုခဲ့သည်။

သတင်း - ဇော်မင်းထွန်း
Photo - NLD
The Ladies News Journal

No comments: