Saturday, December 5, 2015

အစိုးရအပြောင်းအလဲဖြစ်စဉ် အောင်မြင်ချောမွေ့စေရန် အစိုးရ အဖွဲ့အစည်း အားလုံးနှင့် ဝန်ထမ်းအားလုံးကို လိုအပ်သည့် ညွှန်ကြားချက်များပေးပြီး အစီအမံများ စနစ်တကျ ဆောင်ရွက်လျက်ရှိ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®

အစိုးရအပြောင်းအလဲဖြစ်စဉ် အောင်မြင်ချောမွေ့စေရန် အစိုးရ အဖွဲ့အစည်း အားလုံးနှင့် ဝန်ထမ်းအားလုံးကို လိုအပ်သည့် ညွှန်ကြားချက်များပေးပြီး အစီအမံများ စနစ်တကျ ဆောင်ရွက်လျက်ရှိ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®

နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်က နိုင်ငံတစ်ဝန်းရှိ ပြည်သူများထံ ပေးပို့သည့်သဝဏ်လွှာ

၂ဝ၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်

ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူ ညီအစ်ကိုမောင်နှမများ အားလုံး မင်္ဂလာပါခင်ဗျား။

မိဘပြည်သူများထံ နိုဝင်ဘာလနှင့် ဒီဇင်ဘာလ ပထမပတ် အတွင်း မြန်မာနိုင်ငံ ၏ ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍ သဝဏ်လွှာ ပေးပို့အပ်ပါသည်။

ကျွန်တော်တို့နိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွင် အဓိကကျသည့် အဆင့်တစ်ခုဖြစ်သော ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲကြီးကို ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် တည်ငြိမ်အေးချမ်းစွာ ကျင်းပနိုင်ခဲ့ပါသည်။

ကျွန်တော့်အနေဖြင့်လည်း ရွေးကောက်ပွဲမတိုင်မီကာလများကတည်းက ကြိုတင်ပြောကြားခဲ့သည့်အတိုင်း လွတ်လပ်ပြီး တရားမျှတသည့်
ရွေးကောက်ပွဲ များဖြစ်စေရန်နှင့် တည်ငြိမ်အေးချမ်းစွာ ကျင်းပနိုင်ရန်အတွက် အုပ်ချုပ်ရေး ကဏ္ဍမှ အကောင်းဆုံးဆောင်ရွက်ပေးခဲ့ပါသည်။

နိုင်ငံရေးဖြစ်စဉ်အတွင်း ပြည်သူများပါဝင်လာနိုင်ရန်အတွက် ကျွန်တော်တို့ တာဝန်ထမ်းဆောင်ခဲ့သည့် ငါးနှစ်တာ ကာလအတွင်း အရေးကြီး သည့် နိုင်ငံရေးအခြေခံများကို တည်ဆောက်ခဲ့ပါသည်။ နိုင်ငံရေးဖြေလျှော့ မှုများ ပြုလုပ်ခဲ့ပြီး နိုင်ငံရေးဖြစ်စဉ်များ အရှိန်မြင့်တက်လာသည်နှင့် အမျှ ပြည်သူများ၏ နိုင်ငံရေးနိုးကြားမှုနှင့် နိုင်ငံရေး ရေချိန် မြင့်မား လာခဲ့ပါသည်။

စေ့စပ်ဆွေးနွေးအဖြေရှာသည့် နိုင်ငံရေးယဉ်ကျေးမှုအသစ်ကိုလည်း အုတ်မြစ်ချနိုင်ခဲ့သည့်အတွက် နိုင်ငံရေး အင်အားစုများ အကြား ပူးပေါင်းဆောင်ရွက်မှုများ မြင့်တက်လာခဲ့ပါသည်။

ယခုကဲ့သို့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက် ခဲ့ခြင်းများ၏ ရလဒ်ကောင်း အနေဖြင့် ကျယ်ပြန့်သည့် နိုင်ငံရေး ဖြစ်စဉ်အတွင်း နိုင်ငံရေး အင်အားစု အားလုံး ပါဝင်လာပြီး လွတ်လပ်မှုအရှိဆုံး ရွေးကောက်ပွဲကြီးကို ကျင်းပနိုင် ခဲ့ခြင်းဖြစ်ပါသည်။

ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ကြသည့် ပါတီများနှင့် ကိုယ်စားလှယ်များ ကိုလည်း ကျွန်တော့်အနေဖြင့် ဂုဏ်ပြုအပ်ပါသည်။ တစ်ဆက်တည်းမှာပင် အနိုင်မရရှိခဲ့သည့်တိုင် စည်းကမ်းတကျဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ပါတီများနှင့် ကိုယ်စားလှယ်လောင်းများကိုလည်း ချီးကျူးဂုဏ်ပြုအပ်ပါသည်။ ဤရွေးကောက်ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခြင်းသည် ကျွန်တော်တို့နိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၏ မှတ်တိုင် တစ်ခုဖြစ်ပါသည်။ ကျွန်တော်တို့ နိုင်ငံဖြတ်သန်းနေရသည့် အနေ အထားအရ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ဆက်လက် အောင်မြင် ရန်နှင့် တည်ငြိမ်အေးချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး ဆိုသည့် ကိစ္စရပ်များသည်လည်း အစိုးရတိုင်းက အလေးထား စဉ်းစားရမည့် ကိစ္စရပ်များ ဖြစ်ပါသည်။

အစိုးရသစ်ဖွဲ့စည်းရေးနှင့် တာဝန်လွှဲပြောင်းရေးဖြစ်စဉ်အတွက် စိုးရိမ်ပူပန်မှုများရှိသည်ကိုလည်း ကြားသိရပါသည်။ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကို လျှောက်လှမ်းနေဆဲနိုင်ငံများတွင် ယခုကဲ့သို့စိုးရိမ် ပူပန်မှုများ ပေါ်ပေါက် တတ်ခြင်းသည် သဘာဝကျသည့်ကိစ္စဖြစ်ပါသည်။

ထို့ကြောင့် ကျွန်တော့်အနေဖြင့် ညင်သာချောမွေ့သည့် တာဝန် လွှဲပြောင်းရေး ဖြစ်စဉ်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

အစိုးရအပြောင်းအလဲဖြစ်စဉ် အောင်မြင်ချောမွေ့စေရန် အစိုးရအဖွဲ့ အစည်း အားလုံးနှင့် ဝန်ထမ်းအားလုံးကို လိုအပ်သည့် ညွှန်ကြားချက်များပေးပြီး အစီအမံများကို စနစ်တကျ ဆောင်ရွက်လျက်ရှိပါသည်။ ကျွန်တော့်အနေဖြင့် ဤဖြစ်စဉ်ကို ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက် သွားမည် ဖြစ်ပါသည်။

ဒီဇင်ဘာ ၂ ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် လည်း တွေ့ဆုံဆွေးနွေး ခဲ့ပြီးဖြစ်ပါသည်။ ယခုကဲ့သို့ အချိန်ကာလမျိုးတွင် နိုင်ငံရေးတည်ငြိမ်မှုရှိရန် အထူးအရေးကြီး သည့်အတွက် နိုင်ငံရေးအင်အားစုများ အားလုံးအနေဖြင့်လည်း ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းအပ်ပါသည်။

ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့်အပြိုင် အရေးကြီးသည့်အစိတ်အပိုင်း တစ်ရပ်ဖြစ်သည့် ငြိမ်းချမ်းရေး တည်ဆောက် မှုဖြစ်စဉ်သည် လည်း ရေရှည် တည်တံ့သည့် ငြိမ်းချမ်းရေးအတွက် အခြေခံကောင်းများ ရရှိနေပါသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ပါ အချိန်ဇယား အတိုင်း ပစ်ခတ်တိုက်ခိုက်မှုများကို ရှောင်လွှဲနိုင်ရန် အတွက် ကော်မတီများ ဖွဲ့စည်းပြီး ကျင့်ဝတ်များ၊ လုပ်ငန်းစဉ်များ ကိုလည်း ရေးဆွဲနိုင်ခဲ့ပြီးဖြစ်ပါ သည်။

တစ်ဆက်တည်းတွင် နိုင်ငံရေးဆွေးနွေးပွဲများအတွက် လိုအပ်သည့် နိုင်ငံရေးဆွေးနွေး မှုဆိုင်ရာ မူဘောင်ကိုလည်း နိုင်ငံရေး အင်အားစုအားလုံး ပူးပေါင်းပါဝင်သည့် ကော်မတီအနေဖြင့် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါသည်။ ယင်းမူဘောင်ကို မကြာမီ ရက်အနည်းငယ်အတွင်း အပြီးသတ်ရေးဆွဲနိုင်တော့မည် ဖြစ်သည် ကိုလည်း အသိပေးပြောကြားလိုပါသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ သဘောတူရေးဆွဲထားသော NCA တွင် ပါဝင်လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသည့်အဖွဲ့များ အနေဖြင့်လည်း ပဋိပက္ခဖြစ်ပွားရာဒေသများရှိ ပြည်သူများ၏ဘဝများကို ထည့်သွင်း စဉ်းစားပြီး အမြန်ဆုံးပါဝင်လက်မှတ်ရေးထိုးကြရန် တိုက်တွန်း အပ်ပါသည်။ စေ့စပ်ဆွေးနွေး ညှိနှိုင်းရေး နည်းလမ်းကို စွဲကိုင်ပြီး မိမိတို့၏ နိုင်ငံရေးလိုလားချက်များကို ဆွေးနွေးနိုင်ရန်အတွက် နိုင်ငံရေးဆွေးနွေးပွဲများတွင် ပူးပေါင်းပါဝင်ကြရန်လည်း အလေးအနက်ထားပြီး ထပ်မံတိုက်တွန်းအပ်ပါသည်။

ကျွန်တော့်အနေဖြင့် နိုဝင်ဘာလအတွင်း မလေးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် (၂၇)ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်း အဝေးကို တက်ရောက်ပြီးဒေသ တွင်း ပူးပေါင်းဆောင်ရွက် မှုများနှင့် ပတ်သက်၍ ဆွေးနွေး ခဲ့ပါသည်။

ကျွန်တော့်အနေဖြင့် အာဆီယံထိပ်သီးဆွေးနွေးပွဲတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အပါအဝင် ကမ္ဘာ့အင်အားကြီး နိုင်ငံများမှ ခေါင်းဆောင် များနှင့်ပါ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

အစည်းအဝေးတက်ရောက်လာကြသည့် ခေါင်းဆောင်များအနေဖြင့် အခက်အခဲနှင့် စိန်ခေါ်မှုများကြားမှ ညင်သာစွာ အသွင်ကူးပြောင်းရေး လုပ်ဆောင်နိုင်ခဲ့ သည့်အတွက် မြန်မာနိုင်ငံတော်အစိုးရ ကို ချီးကျူးဂုဏ်ပြုခဲ့ကြပါသည်။ ယခုကဲ့သို့ ဒေသအတွင်း ထူးခြားသည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အရေးပါသည့် ပြုပြင်ပြောင်း လဲရေး လုပ်ငန်းစဉ်များ အသက်ဝင် လာခြင်းနှင့် ရွေးကောက်ပွဲ များ အောင်မြင်စွာ ကျင်းပနိုင်ခြင်းသည် ကျွန်တော်တို့ မြန်မာပြည်သူ တစ်ရပ်လုံး၏ ပူးပေါင်းပါဝင်မှုအဖြစ် ကျွန်တော့်အနေဖြင့် ရှုမြင်ပါသည်။

နိုဝင်ဘာ ၁၃ ရက် ညနေပိုင်း ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် လူပေါင်းတစ်ရာကျော် အသက် ဆုံးရှုံးခဲ့ရသည်ကို ဝမ်းနည်းဖွယ်ကြားသိရပါသည်။ ထိုဝမ်းနည်းဖွယ်ဖြစ် ရပ်အတွက် ကျွန်တော်တို့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရ အနေဖြင့် ပြင်သစ် ပြည်သူများအားလုံးနှင့်အတူ ဝမ်းနည်းကြေကွဲ ရပါကြောင်း ကြေညာအပ်ပါသည်။ မြန်မာပြည်သူများအနေဖြင့်လည်း ပြင်သစ်ပြည်သူများနှင့် ထပ်တူ ဝမ်းနည်းကြေကွဲလျက်ရှိကြောင်း အလေးအနက် ဖော်ပြအပ်ပါသည်။

လူသားများ၏ လွတ်လပ်မှု၊ ယုံကြည်မှုနှင့် အေးချမ်းစွာ ဘဝရှင်သန်မှုတို့ကို ခြိမ်းခြောက်နေသည့် မည်သည့် အကြမ်းဖက်မှုမျိုးကိုမဆို ကမ္ဘာ့ပြည် သူများအားလုံးက တညီတညွတ်တည်း ရှုတ်ချရမည်ဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံ အားလုံးအနေဖြင့်လည်း ထိုအစွန်းရောက် အကြမ်းဖက်မှုများကို လက်တွဲ တိုက်ဖျက်သွားရမည်ဖြစ်ပါသည်။ ကမ္ဘာကြီး၏ တည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်လာသည့် မည်သည့် အကြမ်းဖက်မှုမျိုးကို မဆို မြန်မာနိုင်ငံ အနေဖြင့် ကမ္ဘာ့မိသားစုဝင်နိုင်ငံများနှင့်အတူ လက်တွဲတွန်းလှန်သွားမည်ဟု ထပ်လောင်းဖော်ပြအပ်ပါသည်။

ဖားကန့်ဒေသတွင် ဖြစ်ပွားခဲ့သည့် မြေပြိုကျမှုအတွင်း အသက်ဆုံးပါးသွားခဲ့ရသော ပြည်သူများနှင့် ကျန်ရစ်သည့် မိသားစုများအတွက် ကျွန်တော့်အနေဖြင့် ဝမ်းနည်းမိပါကြောင်း ဦးစွာပြောကြားလိုပါသည်။ ယခုကဲ့သို့ အန္တရာယ် များသည့် လုပ်ငန်းခွင်များအတွက် မူဝါဒဆိုင်ရာများကို ပြန်လည်သုံးသပ်ရန် လိုနေပြီဆိုသည်ကို သင်ခန်းစာ ရယူရမည်ဖြစ်ပါသည်။

လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ အကာအကွယ် ကိရိယာအစုံ အလင်ရှိရေးနှင့် အလျင်အမြန် ကယ်ဆယ်ရေးဆောင်ရွက်နိုင်ရေးစသည့် ထိန်းကျောင်းမှုများ၊ စည်းကမ်းများကိုလည်း အထူး တင်းကြပ်ရ မည်ဖြစ်ပါ သည်။ ကျန်ရစ်သူ မိသားစုများအတွက်လည်း ဆောင်ရွက်ရမည့် အစီအမံများကို ဒေသ အာဏာ ပိုင်များအနေဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

ကျွန်တော့်အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိစေရန်လည်းကောင်း၊ ပြည်သူများ၏စီးပွားရေး ပြန်လည်ဖွံ့ဖြိုး တိုးတက် လာစေရန်လည်းကောင်း၊ မျိုးဆက်သစ်လူငယ်များအတွက် ပိုမိုကောင်းမွန်သည့် အနာဂတ်များ ဖန်တီး ပေးနိုင်စေရန် လည်းကောင်း တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက် လျက် ရှိပါကြောင်း သဝဏ်လွှာပေးပို့ လိုက်ပါ သည်။

No comments: