မိုးယံသို့ချီ ကြက်သွန်နီ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®
နာမည်ကျော် စာရေးဆရာကြီး သော်တာဆွေလိုပဲ မတန်တရာမောင်ချစ်ဖေလည်း ကိုယ်တိုင်ဈေးခြင်းတောင်း ဆွဲပြီး ဈေးသွားဝယ်ရတာကို နှစ်ခြိုက်သဗျ။ ရပ်ကွက်ဈေးထဲမှာ သတင်းတွေရှိတယ်၊ ဟင်းတွေ ရှိတယ်၊ မျက်မှောက်နိုင်ငံရေးပြယုဂ်တွေ ရှိတယ်၊ ခေတ်တစ်ခေတ်ရဲ့ နိမိတ်တွေ၊ အရိပ် တွေရှိတယ်၊ မျက်မှောက်ခေတ်ရဲ့လူမှုစီးပွား ဘဝ သရုပ်သကန်တွေရှိတယ်၊ အခြေခံ လူတန်းစားများရဲ့ဘဝတွေ ရှိတယ်။
သို့ကလိုကြောင့် နိုင်ငံရေးဆရာတွေ၊ အုပ်ချုပ်သူတွေ၊ လွှတ်တော် ကိုယ်စားလှယ် တွေ၊ စာရေးဆရာ သတင်းစာဆရာတွေ၊ မျက်မှောက်နိုင်ငံရေးပြယုဂ်ကို သိချင်လား၊ မျက်မှောက်ခေတ် လူမှုစီးပွားဘဝကို လေ့လာ ချင်လား၊ တိုင်းပြည်ရဲ့အများစုဖြစ်တဲ့အခြေခံ လူတန်းစားတို့ရဲ့ဘဝကို သိချင်လား၊ ရပ်ကွက် ဈေးထဲကို ကိုယ်တိုင်သွားလို့ပဲ မောင်ချစ်ဖေ က မေတ္တာရပ်ခံတိုက်တွန်းချင်တယ်။
လစာထုတ်ပြီးစ ဒီဇင်ဘာ ၁ ရက် နံနက် ထုံးစံအတိုင်း ဈေးခြင်းတောင်း ကိုယ်တိုင်ဆွဲ ပြီး မောင်ချစ်ဖေ ရပ်ကွက်ဈေးသို့ ထွက်ခဲ့ တယ်။ တစ်လစာ ရိက္ခာစို၊ ရိက္ခာခြောက်တွေ ဝယ်မလို့ပေါ့။ ဆန်၊ ဆီ၊ ဆား၊ ငရုတ်တော့ ဝယ်ပြီးပြီ။ ကြက်သွန်ဝယ်ရအုံးမယ်။ ယခု ရက်ပိုင်းအတွင်း မိုးယံသို့ချီ ကြက်သွန်နီ ဈေးနှုန်းရဲ့ခြောက်လှန့်မှုကြောင့် မောင်ချစ်ဖေ ကြောက်လန့်နေတုန်းပဲ။
သို့ပေမယ့် တာဝန်ရှိလူကြီးမင်းများက အိမ်နီးချင်း ဂန္ဓာလရာဇ်စိနတိုင်းက ဝယ်ယူ တင်သွင်းနေတယ်ဆိုတော့...
''ကြက်သွန်နီတစ်ပိဿာ ဘယ်လောက်လဲ''
''ဒီကျုံးချိန်က ၃၄ဝဝ ပါ''
''ဟင် ကြက်သွန်နီဈေးက မိုးယံသို့ ချီဆဲ၊ ဗေဒါပျံအံကိုခဲ ပန်းပန်လျက် ပဲကိုး''လို့ မောင်ချစ်ဖေစိတ်ထဲမှာ ရေရွတ်မိတော့တယ်။ပြီးခဲ့တဲ့ မိုးတွင်းက ရှစ်ရာ၊ တစ်ထောင်။ ဟောသီတင်းကျွတ်တော့ ၁၅ဝဝ၊ ၂ဝဝဝ။ အခုရွေးခွင့်မရဘဲ အပုံထဲက သိမ်းကျုံးပြီးချိန် ဈေးက ၃၄ဝဝ။ သို့မို့ကြောင့် လတ်ရှယ် ဈေးတွေကြီး၊ ရှယ်ဈေးတွေကို မောင်ချစ်ဖေ ဆက်မမေးတော့။ ကိုယ်နိုင်သလောက်ကျုံးချိန် ငါးဆယ်သားသာ ဝယ်လိုက်တော့တယ်။
သို့တစေ ပြည်တွင်းဖြစ် ကြက်သွန်နီ ဈေးနှုန်းက ဤမျှမာနကြီးနေသည်ကိုမူ စိတ်ထဲကမကျေနပ်။ တစ်ခေတ်တစ်ခါက ငွေကျပ်သိန်း ၄ဝ နီးပါး။ နောက်ပိုင်း ၁၅ သိန်း၊ ၁၂ သိန်းနီးပါး ပေးဝယ်ရသော GSM မိုဘိုင်းဆင်းကတ်ဖုန်းများပင် ယခု လူတိုင်း နီးပါး ငွေကျပ် ၁၅ဝဝ နဲ့ ကိုင်တွယ်သုံးစွဲ နိုင်သည့်ခေတ်မှာ ကြက်သွန်နီတစ်ပိဿာကို ငွေကျပ် ၃၄ဝဝ ပေးဝယ်နေရခြင်းကြောင့် မောင်ချစ်ဖေ မနှစ်သက်ရခြင်းဖြစ်ပါတယ်။
တစ်ချိန်က ဘိဇနက်သမားတွေသာ ကိုင်တွယ်သုံးစွဲနိုင်တဲ့ MPT မိုဘိုင်း ဖုန်းတွေ က ပြည်ပအခြေစိုက်ကုမ္ပဏီတွေနဲ့ ယှဉ်ပြိုင်ပြီး ရှေ့သို့လှမ်းချီ MPT ရယ်ဆိုပြီး ပရိုမိုးရှင်း လုပ်နေရတဲ့ခေတ်မှာ စားဖိုဆောင်သုံး ကြက်သွန်နီဈေး က မိုးယံသို့ချီ ကြက်သွန်နီ ဖြစ်နေရခြင်းက အိမ်ကြီးပေါ်အိမ်ငယ်ဆောက်၊ အမြင်မတော် ဆင်တော်နဲ့ခလောက် ဖြစ်နေ သလိုပါပဲ။
သို့ပါသော်လည်း ခေတ်အဆက်ဆက် အုပ်ချုပ်သူတို့ အနိုင်မယူနိုင်သည့် ကုန်ဈေး နှုန်းရိုက်ခတ်မှုကြောင့် မောင်ချစ်ဖေ၏ ဦးခေါင်းသည် သွေးချင်းချင်း နီးသော်လည်း ဦးကားမညွတ်ဆိုဘိနှယ် ကြက်သွန်နီမပါ သည့် ဟင်းလျာ များကိုသာ စဉ်းစားရွေးချယ် ချက်ပြုတ်တော့မည်။ ဒီမိုကရေစီခေတ်စကား အရဆိုရရင် တစ်ကိုယ်တော်ဆန္ဒပြခြင်းပါပေ။
ဤနည်းလမ်းကလည်း အဆန်းမဟုတ်ပါ။ မောင်ချစ်ဖေတို့ ဘကြီးဖြစ်သူ မော်ကွန်းဝင် ပထမအဆင့်ရဦးချစ်မောင်၏ လမ်းစဉ်သာ ဖြစ်ပါပေတယ်။ ဘကြီးဦးချစ်မောင် ဟာ လေကြောင်းညွှန်ကြားမှုဦးစီးဌာနမှာ အရာရှိကြီးအဖြစ် တာဝန်ထမ်းဆောင်ပြီး အငြိမ်းစားယူတော့ ညီမအပျိုကြီးတွေကပဲ အစ်ကိုလူပျိုကြီးကို ချက်ပြုတ်ကျွေးမွေးကြရပါတယ်။
သို့သော်ငြား ဘကြီးကို ဟင်း အမျိုးအမည် တွေရဲ့ဈေးနှုန်းကိုတော့ အမှန်မပြောရဲကြပါ ဘူး။ အဲဒီခေတ် ၁၉၈ဝ ကျော်လွန်နှစ်များက ဘဲဥတစ်လုံး နှစ်ကျပ်လို့ ပြောလိုက်မိရင် ဘကြီးက အရင်ဘဲဥတစ်လုံး ပြား ၄ဝ၊ ပြား ၆ဝ ကနေ နှစ်ကျပ်အထိ တက်ရမလားဆိုပြီး မစားတော့ဘဲ ငါးပိ၊ တို့စရာနဲ့ပဲစားပြီး မီးဖို ချောင်အတွင်းမှာ တစ်ကိုယ်တော်ဆန္ဒပြလို့ ဖြစ်သဗျ။
သို့ကလိုကြောင့် ဘမျိုးဘိုးတူမောင်ချစ်ဖေလည်း ဘကြီးနည်းတူ လိုသည်ထက်ပိုပြီး ဈေးနှုန်းကြီးရင် ဘယ်လောက်ချဉ်ခြင်း တက်တက် မစားဘူးဗျ။ သူ့ထက်ကဲရွှေပြည်စိုး တောင်လုပ်သေးသဗျ။
ဈေးသည်ကို ဈေးမေးပြီး မဝယ်ရုံမက ''ဒီဟင်းရွက်က၊ ဒီအသီးက အမေရိကန်က၊ အင်္ဂလန်ကလာတာလား''လို့ ရိသလို ကလိ သလို ပြောပြောနေလို့ မဒမ်ကရှင့်ကို ဘယ်နေ့ဈေးသည်တွေ ရိုက်မလဲမသိဘူး။ ပြောပုံကရိုက်ပေါက်လို့တောင် ဆုံးမရသဗျ။
''ကဲ'' လက်ရှိကုန်ဈေးနှုန်းဋီကာကို မောင်ချစ်ဖေ ချဲ့နေတာနဲ့ ချစ်စွာသော စာဖတ်ပရိသတ်ကြီးလည်း ဈေးထဲကမထွက် နိုင်ဖြစ်ရော့မယ်။ ဈေးက ပြန်အုံးမှ။သို့သော်ငြား ဆရာကြီးသော်တာဆွေကို အခုခေတ် FB Fri တွေလို ဈေးသွားဈေးပြန် မိတ်ဆွေတွေက ''ကိုသော်တာ ဈေးထဲမှာ ဒီနေ့ ဘာပေါသလဲ''လို့ မေးရင်တော့ ဆရာကြီးသော်တာဆွေ ပြောတယ်။
''ပိုက်ဆံရှိတဲ့သူတွေအတွက် အကုန် ပေါတယ်''
''ပိုက်ဆံမရှိသူတွေအတွက် အကုန် ရှားတယ်'' သို့ကလိုပဲ မောင်ချစ်ဖေလည်း ဖြေမိမှာပဲလေ။
(ခင်မောင်ထွေး)
No comments:
Post a Comment