Saturday, December 5, 2015

ကျောက်ဖြူတွင် ရွှံ့မီးတောင် တစ်လုံးပေါက်ကွဲ

ကျောက်ဖြူတွင် ရွှံ့မီးတောင် တစ်လုံးပေါက်ကွဲ

ရန်ကုန်၊ ဒီဇင်ဘာ ၎

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် စိုင်ခြုံကျေးရွာအုပ်စုအနီးရှိ ရွှံ့မီးတောင်တစ်လုံး ဒီဇင်ဘာလ ၄ရက်နေ့ နံနက် ၅နာရီ ၁၀မိနစ်ခန့် က ပေါက်ကွဲခဲ့ကြောင်း အဆိုပါကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းအောင်က ပြောကြား သည်။

စိုင်ခြုံကျေးရွာအုပ်စု တောင်ရွာ၏ အရှေ့ဘက် တစ်မိုင်ခွဲခန့် အကွာတွင်ရှိသည့် အဆိုပါ ရွှံ့မီးတောင်၏ ပေါက် ကွဲသံကို ကျေးရွာများက ကြားခဲ့ ရကြောင်း ၎င်းက ဆိုသည်။

မီးတောင်ပေါက်ကွဲချိန်တွင် ချော်ရည်များသည် အမြင့်ပေ ၆၀ ခန့်အထိ ရောက်ရှိခဲ့ပြီး ပေါက်ကွဲနေမှုသည် အချိန် ရှစ်မိနစ်ခန့် ကြာမြင့်ခဲ့ကာ ချော်ရည်များ ပန်းထွက်နေမှုမှာ မိနစ် ၂၀ခန့် အထိကြာမြင့်ခဲ့ကြောင်း အဆိုပါ ပေါက်ကွဲမှုကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသူလည်းဖြစ်သူ ဦးအောင်သန်းက ပြောဆိုသည်။

“ပထမ စပေါက်တုန်းကတော့ ဗုံးပေါက်သလို့ ‘ဖောင်း’ ဆိုပြီးတော့ အသံကြားရတယ်” ဟု ၎င်းက ရှင်းပြသည်။

ယင်းမီးတောင်ပေါက်ကွဲမှုကြောင့် ပေ ၂၀၀၀ ဝန်းကျင် ချော်ရည်များဖုံးလွှမ်းခဲ့ပြီး ထိခိုက်ပျက်စီးခြင်း မရှိခဲ့ ကြောင်း ဦးအောင်သန်းက ပြောကြားသည်။

စိုင်ခြုံကျေးရွာ အုပ်စု အနီးတစ်ဝိုက်တွင် ရွှံ့မီးတောင် ဆယ်လုံးရှိပြီး ယခုပေါက်ကွဲသည့် ရွှံ့မီးတောင်မှာ နဂါးကြီး ဟု ခေါ်ကြသည့် မီးတောင်ဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ကျောက်ဖြူမြို့နယ် ရှောက်ချောင်း ကျေးရွာနှင့် နှစ်ဖာလုံခန့်အကွာတွင် ၂၀၁၄ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့ ကလည်း ရွှံ့မီးတောင်တစ်လုံး ပေါက်ကွဲခဲ့ပြီး လယ်မြေ ဧက ၂၀ ကို ရွှံ့နွံ့များ ဖုံးလွှမ်းခဲ့သည့်အပြင် မိုးရွာသွန်းချိန်တွင် ချော်ရည်များ အရည်ပျော်စီးဆင်းသဖြင့် လယ်မြေများထပ်မံ ပျက်စီးခဲ့သည်။

စိုင်ခြုံကျေးရွာ အုပ်စု အနီးဝန်းကျင်နှင့် ရှောက်ချောင်းအနီးဝန်းကျင်တို့တွင် ရွှံ့မီးတောင်  စုစုပေါင်း ၁၆လုံး ရှိ ကြောင်း ဒေသခံများထံမှ သိရှိရသည်။

No comments: