နိုင်ငံတော် သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နိုင်ငံတော် အကြီးအကဲ တာဝန်များကို စနစ်တကျ လွှဲပြောင်းပေးရေး အစဉ်အလာကောင်း ထူထောင်ရန် ဆွေးနွေး
နေပြည်တော်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့ သည် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော်၌ ယနေ့ နံနက် ပိုင်းတွင် သီးသန့် တွေ့ ဆုံကာ ယခင် အစဉ်အလာ မရှိခဲ့သော နိုင်ငံအကြီးအကဲ တာဝန်များကို စနစ်တကျ လွှဲပြောင်းပေးရေး အစဉ်အလာကောင်း ထူထောင်ရန်လည်း ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်က ပြောကြားသည်။ ၄၅ မိနစ် ကြာမြင့်သော အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုတွင် အချက် ၄ ချက်ကို အဓိကထား ဆွေးနွေး ဖြစ်ကြောင်း ဆွေးနွေးပွဲ အပြီး ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြည်ထောင်စု ဝန်ကြီးက ဆိုသည်။ နိုင်ငံတော် သမ္မတက ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြည်သူများ၏ ထောက်ခံမူကို ပြတ်ပြတ်သားသားနှင့် အနိုင်ရရှိမှုအပေါ် ဂုဏ်ပြုကြောင်း တွေ့ဆုံမှုတွင် ပြောခဲ့ သည်။ ဒေါ်အောင်ဆန်းစုကြည် ကလည်း ၂၀၁၂ ခုနှစ်ကစပြီး NLD ကို လွှတ်တော် နိုင်ငံရေး ပြန်ပြီး လုပ်နိုင်အောင် သမ္မတကြီးက လိုအပ်သလို ဥပဒေ ပြုပြင် ပြောင်းလဲရေးများ လုပ်ပေးကာ၂၀၁၂ ခုနှစ် မှ ၂၀၁၅ အထိ ပူးပေါင်း ဆောင်ရွက်ပေးခဲ့မှုနှင့် ကတိပေးထားသည့် အတိုင်း ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ် တရားမျှတစွာ ကျင်းပပေးသည့် အတွက် ကျေးဇူးတင်ကြောင်း ပြောကြားသည်။ နောင်ပေါ်လာမည့် အစိုးရကို အေးချမ်း ညင်သာ ချောမွေ့စွာ တာဝန် လွဲပြောင်း ပေးနိုင်ရေးနှင့် ပြည်သူများအနေနှင့် စိုးရိမ် ပူပန်မူများ မရှိစေရန် နှစ်ဘက် ပူးပေါင်း ဆောင်ရွက်မည့် ကိစ္စများကိုလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်က ပြောကြားသည်။ အထွေထွေ ရွေးကောက်ပွဲ ရလဒ်များ ထွက်ပေါ်လာပြီးနောက် အမျိုးသား ပြန်လည် သင့်မြတ်ရေး ဟူသည့် ခေါင်းစဉ်ဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသား ပြန်လည် သင့်မြတ်ရေး သဘောထားကို အခြေခံပြီး နိုဝင်ဘာလ ၁၀ ရက် နေ့စွဲဖြင့် နိုင်ငံတော် သမ္မတနှင့် တွေ့ ဆုံ ဆွေးနွေးရန် စာပေးပို့ ၍ တောင်းဆိုခဲ့ပြီး ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ ပြီးဆုံးချိန်တွင် နှစ်ဘက် ညှိနှိုင်း တွေ့ ဆုံမည်ဟု နိုင်ငံတော် သမ္မတထံမှ အကြောင်း ပြန်ထားခဲ့ပြီးနောက် ယခုကဲ့သို့ သီးသန့် တွေ့ ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ (Xinhua)
No comments:
Post a Comment