တောင်ငူ တွင် ရပ်ကွက် အုပ်ချုပ်ရေးမှူး အသတ်ခံရ
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် အမှတ် ၁၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ယနေ့ (ဒီဇင်ဘာလ ၅ ရက်) ည ၆ နာရီ ၄၅ မိနစ်ခန့်က ဆိုင်ကယ်လဲနေသဖြင့် သွားထူပေးသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို လဲကျနေသည့် အသက် ၁၈ နှစ်အရွယ် အမျိုးသမီးက ဓားဖြင့်ထိုးခဲ့သောကြောင့် ဆေးရုံသို့ ပို့ဆောင်စဉ်သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။
သေဆုံးသူမှာ တောင်ငူမြို့နယ် အမှတ် ၁၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး အသက် ၄၈ နှစ်အရွယ် ဦးကျော်ကျော်မျိုးဆိုသူဖြစ်ကြောင်း၊ ယနေ့ ( ဒီဇင်ဘာလ ၅ ရက်) ညနေ ၆ နာရီ ၄၅မိနစ်ခန့်က အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ရာအိမ်မှူးများနှင့်စကားပြောနေစဉ် မိန်းကလေးတစ်ဦး ဆိုင်ကယ်မှောက်သွားသဖြင့် သွားရောက်ထူမပေးစဉ် မိန်းကလေးက လက်ကိုစွဲပြီး ဓားဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူ ရာအိမ်မှူးတစ်ဦးက ဆိုသည်။
"ကျွန်တော်သွားတဲ့အချိန် ကိုသန်းထွဋ်ရေ ကျွန်တော့်ကို ဓားနဲ့ထိုးသွားပြီဗျလို့ အော်ပြီးလဲကျသွားချိန် မိန်းကလေးက ကျွန်တော့်ကို ဆက်ထိုးတာ ဓားက ကျန်ခဲ့တော့ မမိဘဲ လက်ကိုလိမ်ပလိုက်ရတာပါ" ဟု မျက်မြင်တွေ့ရှိခဲ့သူ တစ်ဦးဖြစ်သည့် ရာအိမ်မှူး ဦးသန်းထွဋ်က ပြောသည်။
ဓားဖြင့်ထိုးသတ်ခဲ့သည်ဟု သံသယရှိသူ မသီတာအေးကို နေရာတွင်ပင် ချက်ခြင်းဖမ်းဆီးမိခဲ့ကြောင်း၊ မသီတာအေးမှာ မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ထထ အမှတ် ၅ ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး လက်ရှိတွင် တောင်ငူမြို့ အမှတ် ၂ ရပ်ကွက်တွင်နေထိုင်ကာ လာရောက်အလုပ်လုပ်နေသူတစ်ဦးဖြစ်ကြောင်း အမှတ် ၂ နယ်မြေရဲစခန်းထံမှ သိရသည်။
No comments:
Post a Comment