အရှေ့မြောက် လေအေးတိုးဝင်မှုကြောင့် ဒေသအချို့အအေးပိုမည်
တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ဖြစ်ပေါ်နေသည့် လေဖိအားများရပ်ဝန်းမှာ အားကောင်းနေပြီး အရှေ့မြောက်လေအေးများ ဘင်္ဂလားပင်လယ်အော်အထိ တိုးဝင်နေသဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အပါအဝင် ဒေသအချို့တွင် အအေးပိုနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ဆိုသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ညအပူချိန်များကျဆင်းနိုင်ပြီး ၈ ဒီဂရီစင်တီဂရိတ်မှ ၂၀ ဒီဂရီစင်တီဂရိတ်အတွင်းရှိနိုင်ကာ အအေးပိုမှုဒဏ်ကို တွေ့ကြုံရနိုင်ကြောင်း၊ ကျန်တိုင်းဒေသကြီးနှင့်
ပြည်နယ်အချို့တွင်မူ ညအပူချန် ၂၀ ဒီဂရီစင်တီဂရတ်မှ ၂၃ ဒီကရီစင်တီဂရိတ်အတွင်းသာရှိကြောင်း ၎င်းက ခန့်မှန်းထားသည်။
ကချင်ပြည်နယ် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသအပြင် မြန်မာနိုင်ငံတောင်ပိုင်းအထိ အအေးဓာတ်ပိုနေပြီး ဘင်္ဂလားပင်လယ်အော်မှ တရုတ်နိုင်ငံအရှေ့ပိုင်းအထိ ဖြစ်ပေါ်နေသည့်လေဆိုင်ဇုန်တိမ်တိုက်တန်းကြီးမှာလည်း ဆက်လက်တည်ရှိနေသဖြင့် အချိန်အခါမဟုတ် မိုးအနည်းငယ်ရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ဆိုသည်။
အရှေ့မြောက်လေအေးများသည် ရှမ်းပြည်နယ်မြောက်ပိုင်းမှတစ်ဆင့် မြစ်ဝကျွန်းပေါ်ဒေသအထိ တိုးဝင်နေပြီး လက်ရှိတွင် မြစ်ဝကျွန်းပေါ်ဒေသ၌ အရှေ့မြောက်လေမှာ တစ်နာရီလျှင် မိုင် ၂၀မှ ၂၅ မိုင်အထိ တိုက်ခတ်ရာ ရေလုပ်ငန်းလုပ်ကိုင်နေသူများအနေနှင့် အရှေ့မြောက်လေရုတ်တရပ် အားကောင်းလာမှုကို သတိပြုရန်လိုအပ်ကြောင်း ဒေါက်တာထွန်းလွင်က သတိပေးပြောဆိုသည်။
No comments:
Post a Comment