ရတနာပုံတက္ကသိုလ် ၂၀၁၅-၂၀၁၆ ပညာသစ်နှစ်
ကျောင်းဝင်ခွင့် လျှောက်လွှာတင်ရာတွင် အဆင်မပြေမှုများ ကြုံတွေ့နေရ
===================
ရတနာပုံတက္ကသိုလ်တွင် ၂၀၁၅- ၂၀၁၆ ပညာသင်နှစ် တက်ရောက်မည့် ကျောင်းသားကျောင်းသူများ ကျောင်းဝင်ခွင့် လျှောက်လွှာများတင်သွင်းရာတွင် နေရာအကျယ်အ၀န်း လုံလောက်မှုမရှိသဖြင့် တိုးကြိတ် တန်းစီဆောင်ရွက်နေရပါတယ်။ ကျောင်းအပ်ရတာက အဆင်ပြေမှုမရှိဘဲ ကြန့်ကြာနေပြီး နေရာခွဲထားက စနစ်မကျတာကြောင့် တနေရာနှင့်တနေရာ သွားဖို့မလွယ်ဘဲဖြစ်နေပါတယ်။
ကျောင်းအပ်ရတာကယခင်ခေတ်ကရုပ်ရှင်ရုံတွေမှာလက်မှတ်တိုးရသလို ဖြစ်နေပါတယ်။ ကျောင်းအပ်နှံရေးအတွက်ပွဲစားတွေကလည်း ခြေချင်းလိမ်နေပါတယ်''ဟု ကျောင်းသားတဦးက ပြောကြားသည်။
''မန္တလေးမြို့မှာ ယခင်ခေတ်က တက္ကသိုလ်တက်မည့် ကျောင်းသားများအတွက် တက်ရောက်မည့် ဘာသာရပ် နဲ့ တက္ကသိုလ်ကို အိမ်တိုင်ရာရောက် စာတိုက်မှတဆင့် ပို့ဆောင်ပေးခဲ့ပါတယ်။ ယခုနှစ်မှာ အကြောင်းကြားစာ မရသူတွေများပြီး မေဂျာမကျသူတွေလည်း များပါတယ်။ ကျောင်းမှာ ယနေ့အချိန်ထိ သတင်းအချက်အလက် စုံစမ်းနိုင်သော infor- mation centre က ဘာမှ မဆောင်ရွက်ပေးနိုင်ပါဘူး။ ကျောင်းအပ်ရာမှာ လိုအပ်ချက်၊ ဆောင်ရန်၊ ရှောင်ရန်များကိုလည်း ဒေသထုတ်သတင်းစာများတွင် ဖော်ပြနိုင်ကြောင်း အားထုတ်မှုမရှိပါဘူး။
ပထမနှစ် ကျောင်းသား၊ ကျောင်းသူများက ကျောင်းအပ်ရာတွင် ကိုယ့်အားကိုယ်ကိုးမှု လျော့နည်းနေတာ မိဘ ဆွေမျိုးများနဲ့ ပွဲစားများအားကိုးပြီး နှစ်စဉ်ကျောင်းအပ်နေရပါတယ်။ ကျောင်းမှာ ပထမနှစ်ကျောင်းသားများ အတွက် ကျောင်းနှင့်သက်ဆိုင်သော သတင်းအချက်အလက်များကို ဖြန့်ဝေပေး နိုင်ရန် လိုအပ်နေဆဲဖြစ်ပါတယ်''ဟု ၎င်းက ပြောကြားသည်။
ရတနာပုံတက္ကသိုလ်၏ ၂၀၁၅-၂၀၁၆ ပညာသင်နှစ် ပထမနှစ်သင်တန်း အားလုံးကို ဒီဇင်ဘာ ၁၀ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး ပထမနှစ် (၂၀၁၅ အောင်)သင်တန်း၏ပထမပညာသင်ကာလ ကျောင်းဝင်မှတ်ပုံတင်ခြင်း ကို ဒီဇင်ဘာ ၃ ရက်တွင် စတင်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ရတနာပုံတက္ကသိုလ် ၂၀၁၅-၂၀၁၆ ပညာ သင်နှစ် ဒုတိယနှစ်နှင့် အထက်သင်တန်းများ၏ပထမပညာသင်ကာလ ကျောင်းဝင်မှတ်ပုံတင်ခြင်းကို နိုဝင်ဘာ ၃၀ ရက် တွင် စတင်လက်ခံပြီး သင်တန်းအားလုံးကို ဒီဇင်ဘာ ၃ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း အဆိုပါ သင်တန်းများတွင် ကျောင်းတက်ချိန် ၇၅ ရာခိုင်နှုန်းပြည့်မှသာ စာမေးပွဲဖြေဆိုခွင့်ရရှိမည်ဖြစ်၍ ဒီဇင်ဘာ ၂၄ ရက် နောက်ဆုံး ကျောင်းဝင်ခွင့် လျှောက်လွှာများကို မပျက်မကွက်တင်သွင်းရမည်ဖြစ်ပြီး နောက်ကျပြီး ၀င်ခွင့်ပြုရန် အသနားခံ လျှောက်ထားခြင်းကို လုံးဝလုံးဝ လက်ခံမည်မဟုတ်ကြောင်း ရတနာပုံတက္ကသိုလ် ကျောင်းသားရေးရာဌာနက အသိပေး ကြေညာထားသည်။
နောင်(ရူပ)
No comments:
Post a Comment