တန်ဆာတင်ဆောင်ခွင့်မရှိ၍ ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်မှ ယာဉ်လိုင်းများ ပိတ်သိမ်းသွားမလား
------ ------ ------ ------
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် အသုံးပြုနေသည့် ခရီးသည်ယာဉ်များတွင် ကုန်ပစ္စည်းတန်ဆာ တင်ဆောင်ခွင့်ကို သက်ဆိုင်ရာဝန်ကြီးဌာနမှ တားမြစ်ခဲ့ခြင်းကြောင့် ယာဉ်လိုင်းများနှင့်ခရီးသွားပြည်သူများ အခက်ခဲဖြစ်နေပြီး ယာဉ်လိုင်းများအရှုံးပေါ်ကာ ပိတ်သိမ်းသွားနိုင်ကြောင်းဆိုကြသည်။ ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ လမ်းဦးစီးဌာန အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှနေ၍ ခရီးသည်သီးသန့် တင်ဆောင်ရန်နှင့် ခရီးသည်ပါရှိသည့် လက်ဆွဲပစ္စည်းမှလွဲ၍ ကျန်ပစ္စည်းများ တန်ဆာပြုလုပ်တင်ဆောင်ခြင်း မပြုရန် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ ''၄၉ ဦး တင်ဆောင်ခွင့်ရှိတဲ့ ကားတစီးမှာ လူ ၃၀ ဆိုတာ နေ့တိုင်း မပြည့်ဘူး။ ၂၅ ယောက်ဆိုတာ အများဆုံးပဲ။ ဒီလိုအခြေအနေမျိုးနဲ့ဆိုရင် တခေါက်ပြေးတိုင်း တသိန်းခွဲနှစ် သိန်းလောက် အရှုံးပြသွားမှာပါ။ လက်မှတ်ခလည်း တက်ခွင့်မရှိဘူး။ တန်ဆာလည်း မတင်ရဘူးဆိုရင် Express လောကကရပ်တည်ဖို့ တော်တော်ခဲယဉ်းသွားမယ်။ ဆက်ပြီးမရပ်တည်နိုင်ဖို့မလွယ်ဘူး''ဟု ဇေယျာရွှေပြည် ယာဉ် လိုင်းပိုင်ရှင်ဒေါ်ခိုင်ခိုင်က ပြောသည်။
အဝေးပြေးယာဉ်လိုင်းအတွင်းရှိ မော်တော်ယာဉ်အများစုသည် ကုမ္ပဏီများဖြင့်ချိတ်ဆက်ကာ အရစ်ကျစနစ်ဖြင့် ၀ယ်ယူထားကြသည့် ရာခိုင်နှုန်းကများကြောင်း သိရသည်။ ထို့ကြောင့် ခရီးစဉ်လမ်းကြောင်းတခုပြေးဆွဲရာ၌ အရှုံးခံပြေးဆွဲရသည့်အပြင် အကြွေးစနစ်ဖြင့် ၀ယ်ယူထားရသည့်အတွက် ထိခိုက်မှုများရှိလာနိုင်ပြီး ယာဉ်လိုင်း များပါ ပိတ်သိမ်းသွားနိုင်သည်ဟု ဆိုကြသည်။ ''ဒီလိုမျိုးခရီးသည်ပါ တန်ဆာတင်ဆောင်ခွင့်မရှိဘူးဆိုတော့ တော်တော်လေး အခက်အခဲဖြစ်ပါတယ်။ ခရီးသည်တွေက အိမ်ပြန်လက်ဆောင်ပဲဖြစ်ဖြစ်ပါလာတတ်တယ်။ တင်ခွင့်မရှိတော့ အခက်အခဲဖြစ်ရတယ်။ သင်္ဘောပဲဖြစ်ဖြစ်၊ လေယာဉ်ပျံပဲဖြစ်ဖြစ် သူ့အတိုင်းအတာနဲ့သူ ကုန်တင်ဆောင်ခွင့်က ဟိုးအရင်ကတည်းက ပြုထားတာပဲလေ။ မော်တော်ယာဉ်အနေနဲ့လည်း အောက်က ကုန်တင်ဘောက်စ်မှာ ခရီးသည်ပါပစ္စည်းတွေ တင်ခွင့်ရှိတယ်လို့ထင်တယ်။ ခရီးသည်တွေရော၊ လုပ်ငန်းရှင်တွေ အနေနဲ့ရော အားလုံးအဆင်ပြေချင်ပါတယ်။ ဘယ်သူနဲ့မှအငြင်းအခုံ၊ ပဋိပက္ခတွေမဖြစ်ချင်ဘူး။ နှစ်ဖက်စလုံး အဆင်ပြေမယ့်ပုံစံ သွားချင်ပါတယ်''ဟု ရွှေစင်စင်္ကြာယာဉ်လိုင်းမှ ကိုဖြိုးကိုကိုက ပြောသည်။
ထို့အပြင် ခရီးသည်ယာဉ်လိုင်းများ မတော်တဆတိမ်းမှောက်မှုများ ဖြစ်ရခြင်းသည် ယာဉ်မောင်းသူ၏ ပေါ့ဆမှု၊ စက်ပစ္စည်းချွတ်ယွင်းမှုနှင့် သတ်မှတ်မိုင်နှုန်းထက်ကျော်လွန်ကာ မောင်းနှင်မှုများကြောင့်သာ ဖြစ်ပေါ်လေ့ရှိ ကြောင်းပြောကြသည်။ ''ဘယ်သူမှ Acident မဖြစ်ချင်ဘူး။ လူတိုင်းမှာ မိသားစုတွေရှိမှာပဲ။ အမြန်လမ်းပေါ်မှာ တခုခုဖြစ်တိုင်း တန်ဆာကို လက်ညှိုးထိုးနေသလိုဖြစ်တယ်။ ကီလို ၁၀၀ သတ်မှတ်ထားတာကျော်ရင် ဖြစ်မှာပဲ။ ကားလေးတွေလည်း ဖြစ်နေတာပဲ။ ဒါပေမဲ့ ခရီးသည် ပို့ဆောင်ရေးလုပ်ငန်းဆိုတော့ နည်းနည်းဖြစ်ရင် အကြီး ကြီးဖြစ်တာပါ။ အခုကားတွေက အရင်လိုမဟုတ်တော့ဘူး။ အမြင့်ကြီးတွေအပေါ်မှာ Layer က လူအတွက် သက်သက်။ အောက်မှာ တန်ဆာဆင်ဖို့နေရာပါတယ်။ ဒီလိုကီလို ၁၀၀ မှာပဲ အပေါ်လူနဲ့ချည်းပဲ မောင်းရင် ကျွန်တော်တို့ထင်တယ်။ ကရိန်းကားတွေ ထပ်ငှားရလိမ့်မယ်။ Counter balance ရဖို့အတွက် အလေးချိန် တခုခုကိုပါမှရမယ်။ ပါသင့်တယ်''ဟု စည်းစိမ်ရှင် ယာဉ်လိုင်းမှ တာဝန်ခံကိုမောင်ဦးက ပြောသည်။ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် နေ့စဉ်ယာဉ်လိုင်း ၁၃၈ လိုင်းမှ ယာဉ်စီးရေ ၂၇၀၀ စီးခန့် အသုံးပြုလျက်ရှိကြောင်း သိရသည်။
မင်းဗညား
No comments:
Post a Comment