Tuesday, December 8, 2015

တရုတ်သမ္မတ နုတ်ထွက်ခြင်းဟု စာစီမှားခဲ့သည့် တရုတ်သတင်းသမားများ အလုပ်ထုတ်ခံရ

တရုတ်သမ္မတ နုတ်ထွက်ခြင်းဟု စာစီမှားခဲ့သည့် တရုတ်သတင်းသမားများ အလုပ်ထုတ်ခံရ
ပေကျင်း ၊ ၈-၁၂-၂၀၁၅
သတင်း စာစီရာတွင် သမ္မတ ရှီကျင့်ဖျင် ၏ မိန့်ခွန်းဟူ၍ စာစီရမည့် အစား သမ္မတရှီကျင့်ဖျင် ရာထူး မှနုတ်ထွက်ခြင်း ဟု မှားယွင်းစာစီ မိခဲ့သည့် တရုတ် သတင်းသမား လေးဦး အလုပ်ထုတ်ခံ ခဲ့ရကြောင်း စကိုင်းစ်နယူး သတင်းဌာနက ယမန်နေ့တွင် ရေးသားဖော်ပြ ခဲ့ကြောင်း သိရသည်။
တောင်အာဖရိက နိုင်ငံ ဂျိုဟန်နက်စဘတ် မြို့တွင် ကျင်းပခဲ့သော တရုတ်- အာဖရိက ထိပ်သီး ညီလာခံသို့ တရုတ်သမ္မတ ရှီကျင့်ဖျင် တက်ရောက်နေစဉ် တရုတ်သတင်း ဌာနက သတင်းထုတ်ပြန် ခဲ့ရာတွင် တရုတ်နှင့် အာဖရိက တို့သည် သမိုင်းကြောင်း အရ ဦးတည်ချက်ချင်း တူညီကြောင်း ၄င်း၏ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည် ဟူ၍ ဖော်ပြရမည့် အစား ၄င်း နုတ်ထွက်ရာတွင် ပြောကြားသည် ဟူ၍ ဖော်ပြ ထားသည်။
နိုင်ငံပိုင် တရုတ် သတင်းဌာန မှ သတင်း ရေးသားသူ များသည် တရုတ်ဒန်ဒရင်း ဘာသာအရ မိန့်ခွန်းကို ရည်ညွှန်းသော ကျိချီဟူသည့် စကားထုံးနှင့် နုတ်ထွက်ခြင်း ကို ရည်ညွှန်းသော ချီကျိ ဟူသည့် ဝေါဟာရများကို မှားယွင်းပြီး စာစီမိခြင်း ဖြစ်သည်။
ယင်းကဲ့သို့ ဝေါဟာရ မှားယွင်းစွာ စာစီမှုကြောင့် သတင်းတွင် တရုတ်သမ္မတ မိန့်ခွန်း ပြောကြားခြင်း အစား တရုတ်သမ္မတ နုတ်ထွက်ခြင်း ဟူ၍ အဓိပ္ပာယ် ထွက်သွားကြောင်း စကိုင်းစ်နယူး သတင်း အေဂျင်စီက ပြောကြားသည်။
တရုတ် သတင်းဌာနက သတင်းမှန် ပြန်လည် ထုတ်ပြန်နိုင်ခြင်း မရှိမီ အဆိုပါ သတင်းများကို အခြား သတင်းစာများနှင့် သတင်းအေဂျင်စီ များက အသုံးပြု ခဲ့ကြောင်း သိရသည်။
ဆောက်ချိုင်းနား မောနင်းပို့စ် သတင်းစာ၏ အဆိုအရ အထက်ပါ သတင်းအမှား ကြောင့် တရုတ် သတင်းဌာန တောင်အာဖရိက ဗျူရိုအကြီးအကဲ အပါအဝင် သတင်းသမား အမြောက်အမြား အလုပ်မှ ဖယ်ရှားခံထား ရကြောင်း သိရသည်။

No comments: