တရားရုံးများအောက်ခြေမှ အပေါ်ဆင့်အထိ ပူးပေါင်းဆောင်ရွက်နေ၍ အဂတိလိုက်စားမှုဖော်ထုတ်ရန် ခက်ခဲကြောင်း လွှတ်တော်၌ တင်ပြ
------ ------ ------ ------ ------
ပြည်သူ့လွှတ်တော် တရားစီရင်ရေး ဥပဒေရေးရာနှင့် တိုင်ကြားစာများ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီ၏ အစီရင်ခံစာကို ဒီဇင်ဘာ ၈ ရက် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်၌ အုတ်ဖိုမဲဆန္ဒနယ်မှ ကော်မတီဝင် ဦးတင်ထွေးက တင်ပြခဲ့သည်။
ပထမအကြိမ် သက်တမ်းကာလ တိုင်းဒေသကြီး ပြည်နယ်အသီးသီးမှ ပေးပို့လာသည့် တိုင်ကြား စာများနှင့်ပတ်သက်ပြီးကော်မတီ၏ ဆောင်ရွက်မှုသုံးသပ်ချက်၊ အကြံပြုချက်များကို ယခုကျင်းပနေတဲ့ (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ ဒုတိယအကြိမ် အစီရင်ခံစာ အမှတ်စဉ် ၁/၂၀၁၅ ဖြင့် မှတ်တမ်းတင်ထားရှိနိုင်ရန် တင်ပြအပ်ပါကြောင်း ဦးတင်ထွေးက တင်ပြသည်။
''တရားရုံးအဆင့်ဆင့် ကြီးကြပ်သူ ၀န်ထမ်းများသည် ကွင်းဆက်ရှိနေပြီး နားလည်မှုဖြင့် ဆောင်ရွက်လျက်ရှိနေတာကို တွေ့နေရပါတယ်။ အများအားဖြင့် ပြစ်မှုများတွင် အဆိုပါ အခြေအနေများ တွေ့ရှိနေရပါကြောင်း၊ နိုင်ငံတော်အကြီးအကဲနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပေးအပ်သော အခွင့်အရေးများအရ ပြည်ထောင်စု တရားလွှတ်တော်ချုပ်နဲ့ ပြည်နယ်၊ တိုင်းဒေသကြီး တရားလွှတ်တော်ချုပ်တို့၏ ထောက်ခံချက်အသီးသီးဖြင့် တာဝန်ထမ်း ဆောင်ခွင့်ရခဲ့ကြသော တရားသူကြီးများသည် တရား သူကြီးချုပ်များ၏ လွှမ်းမိုးမှုမှ ကင်းလွတ်နိုင်မည်မဟုတ်ပါကြောင်း သုံးသပ်ရပါတယ်။ တရားစီရင်ရေးဆိုရာတွင် တရားသူ ကြီးများသာမက တရားရေးဝန်ထမ်းများ ရှေ့နေ ရှေ့ရပ်များ၊ တရားရေးဝန်ထမ်းများ၊ တရားစွဲ အဖွဲ့အစည်းများ၊ ၀န်ထမ်းအကြီးအမှူးဖြစ်သော ညွှန်ကြားရေးမှူးချုပ်အဆင့် တာဝန်ထမ်းဆောင်သူများမှအစ ဆင့်စာလုလင်ထိ ပါဝင်ဆက်စပ်လျက်ရှိရာ ၎င်းတို့အားလုံး၏ အဂတိ လိုက်စားမှုကို ထင်သာမြင်သာအောင် ဖော်ထုတ်နိုင်ရန်မှာ လွယ်ကူသောကိစ္စမဟုတ်ပါ''ဟု ပြောကြားခဲ့သည်။
၎င်းက ဆက်လက်ပြောကြားရာတွင် တရားမမှုတခုတွင် တရားလိုက တရားပြိုင် ထံမှ ငွေကျပ် လေးသိန်းရလိုမှုဖြင့် တရားစွဲ ဆိုခဲ့ရာ မြို့နယ်တရားသူကြီးက တရားပြိုင်အား သုံးသိန်းငါးထောင်ကျပ်ကို တလလျှင် ခုနစ်သောင်းကျပ်ပေးဆပ်ရန် အမိန့်ချခဲ့ပါကြောင်း၊ တရားပြိုင်က ပေးအပ်သည့်ငွေမှာ ရှေ့နေကြီးအတွက် လက်ဖက်ရည်ဖိုး ပေးရငွေ ရှေ့နေလမ်းညွှန်ချက်အရ တရားသူကြီးကိုပေးရငွေ၊ အမှု အနိုင်ရရန် ပေးအပ်ငွေ၊ အမှုလိုက်ခအဖြစ် ရှေ့နေခ ပေးရငွေ၊ တံဆိပ်ခေါင်းဖိုးပေးရငွေ၊ စာပို့လုလင်အား ပေးရငွေ စုစုပေါင်း သုံးသိန်းနဲ့ တထောင်ကျပ်ကုန်ကျခဲ့ကြောင်း ငွေပေး ငွေယူကို တရားရုံးအတွင်း၌ပင် ဆောင်ရွက်နေကြောင်းနှင့် ရုံးချိန်း ၂၁ ကြိမ် သွားရောက်ခဲ့ရကြောင်းကို စိစစ်တွေ့ရှိခဲ့ရကြောင်း၊ တရား သူကြီးတဦးသည် အမှုတွဲ နေ့စဉ်မှတ်တမ်းကို မိမိနိုင်စေလိုတဲ့ဘက်က အသာရရှိရေးအတွက် ပထမတမျိုး မှတ်တမ်းတင်ပြီး အမှုစ်စစ်ဆေးဆဲမှာပင် ပထမမှတ်တမ်းကိုပြင်၍ နောက်တမျိုး မှတ်တမ်းတင်ခြင်း သက်သေခံတင်သွင်းသည့် အထောက်အထားများကို ဘက်လိုက်၍ လက်ခံခြင်းစသည့် သက်သေခံဥပဒေကို ကျင့်သုံးမှုလွန်စွာအားနည်းနေကြောင်း၊ မြေပါမစ်ရရှိသူတဦးက အခြားဝယ်သူနှစ်ဦးထံသို့ လိမ်လည်၍ ထပ်မံ ရောင်းချကြောင်း ပေါ်လွင်ပါလျက် ပထမ၀ယ်သူနဲ့ ဒုတိယ၀ယ်သူကို ပြစ်မှုကြောင်းအရ အပြန်အလှန် လိမ်လည်မှုဖြင့် အမှုလက်ခံစစ်ဆေးခြင်းပြစ်မှုကြောင်း တရားမကြောင်းများဖြင့် အထပ်ထပ် စစ်ဆေးစွဲဆိုကြ ရာတွင် ရုံးအဆင့်ဆင့်က ကွဲပြားသော အမိန့်နှင့် ဒီဂရီချမှတ်ခဲ့ခြင်း များတွေ့ရှိခဲ့ရကြောင်း၊ တရားရုံးတွင် သက်သေခံ စာရွက်စာတမ်းအဖြစ် လက်ခံရာတွင် မှတ်ပုံတင်ရုံး၏ တရားဝင် အထောက်အထားများကို မျက်ကွယ်ပြုပြီး နိုင်ငံခြားတွင် နေထိုင်သော အမှုသည်က ကိုယ်တိုင်မလာရောက်ဘဲ တင်သွင်းထားသည့် အထောက်အထားများကို တရားရုံးက လက်ခံ၍ ဘက်လိုက်ဆုံးဖြတ်ခြင်းများကိုလည်း တွေ့ရှိရပါကြောင်း၊ တရားမမှု များတွင် အသေးအဖွဲ့ငွေကြေးကအစ ငွေကျပ် သိန်း ၁၀၀ အထက် ငွေချေးမှုများနှင့် ဟန်ဆောင် အရောင်းအ၀ယ်စာချုပ် ချုပ်ဆိုသည့် အမှုများကို အများဆုံးတွေ့ရှိရကြောင်း၊ ယခုအခါ မြန်မာနိုင်ငံအနှံ့အပြား တွင် မြေဈေး အဆမတန်မြင့်မားလျက်ရှိရာ ယခင်က သိန်းဂဏန်းမရှိသော်လည်း ကာလပေါက်ဈေး သိန်းထောင်ကျော်လာသည့်အတွက် ပိုင်ဆိုင်မှုအငြင်းပွားမှုများ၊ မတရားဖယ်ရှားမှုများ၊ စာချုပ်အတုပြုလုပ် မှုများ များပြားလျက်ရှိရာ အဆိုပါ အမှုတွင် မှတ်ပုံတင်ရုံးများ၏ မသမာမှုများကို တင်ပြခဲ့သော်လည်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ တရားသူကြီးများ၏ ဖြေကြား ချက်များမှာ တရားစီရင်ရေးမှူးနှင့် ကိုက်ညီမှုမရှိကြောင်း သုံးသပ်တွေ့ရှိရပါ ကြောင်း၊ တရားရုံးများ၏ မသမာမှုနှင့်ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ်သုံးဦးမှ တင်ပြခဲ့ရာမှာ တရားရုံးများဆောင်ရွက်ချက်များအပေါ် သံသယဖြစ်ဖွယ်ရာ အဆုံး အဖြတ်များကို နေရာတိုင်းလိုလိုတွင် တွေ့မြင်သိရှိရပါသဖြင့် အဆိုပါ အမှုများကို စုစည်းသုံးသပ်ပြီး လိုအပ်သော အရေးယူမှုများ ပြုလုပ်နိုင်ရေးအတွက် လွှတ်တော်သို့ တင်ပြရန် စီစဉ်ဆောင်ရွက်လျက်ရှိ ပါကြောင်း ဦးတင်ထွေးက လွှတ်တော် အစည်းအဝေး၌ ပြောကြားခဲ့သည်။
ထွန်း(နေပြည်တော်)
No comments:
Post a Comment