နိုင်ငံရေးပဋိပက္ခများကို အချင်းချင်းနားလည်မှုရှိရှိ လက်တွဲဖြေရှင်းရန်ကြိုးပမ်းစေလိုကြောင်း သမ္မတပြောကြား
ရန်ကုန်၊ဒီဇင်ဘာ၂
မြန်မာနိုင်ငံတွင်းဖြစ်ပေါ်နေသော နိုင်ငံရေးပဋိပက္ခများကို အချင်းချင်းနားလည်မှုရှိရှိ လက်တွဲဖြေရှင်းရန်ကြိုးပမ်းစေလိုကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်ကပြောကြားသည်။
ဒီဇင်ဘာ၂ရက်နေ့က ပြည်သူများသို့ပြောကြားနေသည့် ရေဒီယိုမိန့်ခွင်းတွင်သမ္မတဦးသိန်းစိန်က အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“နိုင်ငံရေးအင်အားစုများအနေနဲ့ မိမိတို့ရဲ့နိုင်ငံရေးရည်မှန်းချက်များကို အကောင်အထည်ဖော်ရာမှာလည်း ဒီရှုထောင့်၊ဒီရှုမြင်မှုကို ထည့်သွင်းစဉ်းစားဆောင်ရွက်ကြဖို့လည်း တိုက်တွန်းပြောကြားလိုပါတယ်”ဟု ၎င်းကဆိုသည်။
ထို့အပြင် လက်ရှိအစိုးရအကောင်အထည်ဖော်နေသည့် နိုင်ငံရေးဖြစ်စဉ်များသည် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ အသက်ဝင်ရှင်သန်ရေးအတွက် လိုအပ်သည့်ဖြေလျှော့မှုများ၊ အသွင်ကူးပြောင်းရေးလုပ်ငန်းများနှင့် ဒီမိုကရေစီအမြစ်တွယ်ရှင်သန်ရေးတို့ကို တစ်ပြိုင်နက်တည်းအကောင်အထည်ဖော်နေရသောကြောင့် ကြီးမားသည့်စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနေခြင်းဖြစ်သည်ဟု သမ္မတဦးသိန်းစိန်ကပြောကြားသည်။
“တစ်နည်းအားဖြင့်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ အသက်ဝင်ရှင်သန်ရေးအတွက် လိုအပ်တဲ့အခြေခံများကိုတည်ဆောက်နေရတာဖြစ်တဲ့အတွက် ယနေ့မြန်မာနိုင်ငံရဲ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများဟာ တုံ့နှေးနေတယ်ဆိုတဲ့ အားမလိုအားမရပြောဆိုနေမှုများ ရှိနေခြင်းဖြစ်ပါတယ်”ဟုသမ္မတဦးသိန်းစိန်ကဆိုသည်။
ထို့အပြင် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုအတွက် အရေးကြီးသည့်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုသည့် နိုင်ငံရေးသဘောတူညီချက်ကို ခိုင်မာစွာရရှိထားပြီးဖြစ်သောကြောင့် ခိုင်မာသည့်အခြေခံများရရှိထားပြီးဖြစ်ကြောင်း၊နိုင်ငံရေးဆွေးနွေးပွဲများတွင် ခွဲထွက်ရေးကိစ္စနှင့်နိုင်ငံ၏အချုပ်အခြာအာဏာကိုထိပါးစေမည့်ကိစ္စကလွဲ၍ အခြားကိစ္စရပ်များအားလုံးကို ဆွေးနွေးရန်သဘောတူညီချက်ရရှိထားပြီးဖြစ်သည်ဟုဆိုသည်။
ထို့အပြင် အမျိုးသားပညာရေးဥပဒေနှင့်ပတ်သက်၍လည်း “ဒီဥပဒေနဲ့ပတ်သက်ပြီး ဖြစ်ပေါ်နေတဲ့အမြင်သဘောထားမတူညီမှုတွေ၊နည်းဥပဒေနဲ့ဖြည့်စွက်ဆောင်ရွက်ရမယ့်ကိစ္စတွေအတွက် လက်တွေ့ကျတဲ့အကျေအလည်ဆွေးနွေးညှိနှိုင်းမှုတွေကို ကျယ်ကျယ်ပြန့်ပြန့်ဆက်လက်ဆောင်ရွက်နိုင်အောင် ကြိုးပမ်းကြဖို့တိုက်တွန်းပြောကြားလိုပါတယ်။
ပိုမိုကျယ်ပြန့်စွာဆွေးနွေးပြီး လက်တွေ့ကျတဲ့သွင်းအားစုတွေပေါ်ထွက်လာစေဖို့ သက်ဆိုင်ရာဝန်ကြီးဌာနများနဲ့တက္ကသိုလ်များကို ညွှန်ကြားထားပြီးလည်းဖြစ်ပါတယ်”ဟု သမ္မတဦးသိန်းစိန်ကထည့်သွင်းပြောကြားသွားသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ဒီဇင်ဘာလ၂ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တည်ငြိမ်အေးချမ်းစွာအာဏာလွဲပြောင်းရေးအတွက်ဆွေးနွေးခဲ့သည်။
No comments:
Post a Comment