မလေးရှားမိုဘိုင်းဖုန်းကုမ္ပဏီ Axiata Group မြန်မာ့ဆက်သွယ်ရေးကဏ္ဍ၌ ရှစ်နှစ် အတွင်း ကန်ဒေါ်လာ သန်း ၂ဝဝ ရင်းနှီးမြှုပ်နှံမည်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®
သုတ
မလေးရှားနိုင်ငံ၏ အကြီးမားဆုံးမိုဘိုင်းဖုန်းကုမ္ပဏီ Axiata Group က မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍ၌ လာမည့်ရှစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၂ဝဝ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါရင်းနှီးမြှုပ်နှံမှုမှာ ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ကြေညာခဲ့သော ဒီဂျီစယ်မြန်မာတာဝါ ကုမ္ပဏီ၏ ရှယ်ယာအများစုကို ထိန်းချုပ်ရန် Axiata အုပ်စု၏ ဦးစားပေးဆက်လက်ဝယ်ယူမှုဖြစ်သည်။ Axiata- အုပ်စုကရာနှုန်းပြည့်ပိုင်ဆိုင်သော တာဝါတိုင်တည်ဆောက်ရေး ကုမ္ပဏီ edotco က ဒီဂျီစယ်မြန်မာ၏ ရှယ်ယာ ၇၅ ရာခိုင်နှုန်းပိုင်ဆိုင်ရန် အတွက် ငွေသားအနေဖြင့် အမေရိကန်ဒေါ်လာ ၁၂၅ သန်း ပေးချေရမည် ဖြစ်သည်။ edotco ကုမ္ပဏီက လက်ရှိဆက်သွယ်ရေးတာဝါတိုင် ၁၂၅ဝ မှ လာမည့်ရှစ်နှစ် အတွင်း မြန်မာနိုင်ငံ၌ ဆက်သွယ်ရေးတာဝါတိုင် ၅ဝဝဝ အထိပိုင်ဆိုင်ရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း edotco ကုမ္ပဏီ အမှုဆောင်ချုပ် ဆူရစ်ဆီဒူက ပြောကြားသည်။
Axiata အုပ်စုမှာ လျင်မြန်စွာတိုးတက်လာနေသော မြန်မာ့စီးပွားရေး ကဏ္ဍ၌ ခြေကုပ်တစ်ခုယူရန် စုပြုံဝင်ရောက်လာသည့် စင်ကာပူနိုင်ငံမှ ယူနိုက်တက်အိုဗာဆီးဘဏ်နှင့် ဂျပန်နိုင်ငံမှ ကီရင်ဟိုးလ်ဒင်းစ် ကဲ့သို့သော ပြည်ပကုမ္ပဏီများအနက်တစ်ခုဖြစ်သည်။ လူဦးရေ ၅၁ သန်းရှိသော မြန်မာနိုင်ငံ၌ ယခုအခါ မိုဘိုင်းဖုန်းမှ မော်တော်ဆိုင်ကယ်အထိ ဝယ်လိုအားမှာ သိသာစွာမြင့်တက်လျက် ရှိသည်။ အာရှဖွံ့ဖြိုးရေးဘဏ်၏ အဆိုအရ မြန်မာနိုင်ငံ၏ စုစုပေါင်းတစ်မျိုးသားလုံးထုတ်ကုန်တန်ဖိုး(ဂျီဒီပီ)မှာ ယခုနှစ်တွင် ၈ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်နိုင်သည်ဟု သိရသည်။
(Nikkei Asian Review)
No comments:
Post a Comment