Thursday, August 25, 2016

၂၀၂၀ ခုနှစ်ရွေးကောက်ပွဲ အနိုင်ရပါက USDP ဥက္ကဋ္ဌသစ် ဦးသန်းဌေးအား သမ္မတ ဖြစ်လာရန် မျှော်မှန်းထား



Posted: August 25, 2016

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲအနိုင်ရပါက လက်ရှိဥက္ကဌသစ် ဦးသန်းဌေးအား နိုင်ငံတော် သမ္မတ ဖြစ်လာရန် မျှော်မှန်းထားကြောင်း သိရှိရသည်။

 

ယင်းပြောကြားချက်ကို သြဂုတ်(၂၄)ရက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ဒုတိယအကြိမ်ပါတီညီလာခံ (၂၀၁၆)ကို နေပြည်တော်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီဌာနချုပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

 

“နိုင်ငံတော် အာဏာရဖို့ ရွေးကောက်ပွဲနိုင်ဖို့ဆိုရင် ရှေ့လုပ်ငန်းစဉ်က ရွေးကောက်ပွဲနိုင်အောင် ကြိုးစားပါမယ်။ သဘာဝအရလည်း အရှုံးတို့ အနိုင်တို့ဆိုတာ အမြဲတန်းရှိနေတာ မဟုတ်ပါဘူး။ ဒီတစ်ချိန်မှာ နိုင်ချင်နိုင်ပေမယ့် နောက်တစ်ကြိမ်မှာ ရှုံးချင်ရင် ရှုံးမှာပါ။ ကျွန်တော်တို့ ပါတီ ၂၀၂၀ ရွေးကောက်ပွဲမှာ ထိုက်သင့်တဲ့ ရည်မှန်းချက်ကို ရအောင် လုပ်ဆောင်မှာပါ” ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောသည်။

 

USDP ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း တိုင်းပြည်၏ အင်အားစုကြီးပါတီတစ်ခုအဖြစ် ရှိနေပြီး တစ်ချိန်က ခေါင်းဆောင်ခဲ့သည့် ပုဂ္ဂိုလ်များမှာ အသက်အရွယ်၊ ကျန်းမာရေးနှင့် အကြောင်းကြောင်း ကြောင့် ဆက်၍ ခေါင်းဆောင်မှု တာဝန်ကို ရှေ့တန်းမှ မလုပ်နိုင်သည့်အတွက် အရည်အချင်းနှင့် အရွယ်ရှိသူများကို ပါတီတွင်း လက်ရှိရွေးချယ်မှုဖြင့် အေးအေးချမ်းချမ်း လက်လွှဲပေးခဲ့ကြောင်း သိရသည်။

 

“ပါတီက ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအပြီးတွင် သမ္မတ ဖြစ်လာရန် မျှော်မှန်းထားပါတယ်။ ပါတီ ဥက္ကဋ္ဌသစ် ဦးသန်းဌေးသည် ပါတီကြီးတစ်ခုလုံးကို ဦးဆောင်နိုင်သည့် အရည်အချင်း ရှိသူဖြစ်ခြင်း၊ ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်အပေါ်မှာ မူတည်၍ ပါတီတွင်း ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် ဥက္ကဋ္ဌအဖြစ် အသင့်တော်ဆုံးသူ ဖြစ်ခြင်းတို့ကြောင့် မည်သည့်တာဝန်မျိုးကို မဆို ထမ်းဆောင်နိုင်သူ တစ်ဦး ဖြစ်တယ်” ဟု USDP ပါတီမှ ပြောခွင့်ရပုဂ္ဂိုလ် ဦးခင်ရီက ပြောသည်။

 

ယင်းပါတီအစိုးရဖြစ်လာပါက နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေးတွေမှာ အကောင်းဆုံး ဖြစ်အောင် လုပ်ပေးရန်ဆန္ဒရှိပြီး နိုင်ငံရေးသည် ပရဟိတစိတ်ဓါတ် ရှိသူများမှ လုပ်၍ရသည့် လုပ်ငန်းဖြစ်ကြောင်း ဥက္ကဋ္ဌသစ်ဦးသန်းဌေးက ပြောသည်။

 

MMK

The Ladies News

No comments: