Thursday, August 25, 2016

ပီကင်းအခြေစိုက် တရုတ်အဆင်မြင့် အရာရှိများနှင့် ၀ ၊ မိုင်းလားတွေ့ဆုံခဲ့ပြီး နှစ်ဖွဲ့စလုံး ၂၁ ပင်လုံညီလာခံ တက်ရန် ဆုံးဖြတ်

ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံမှ ပြန်ရောက်ပြီ တစ်ရက်အကြာ သြဂုတ်လ ၂၂ ရက်နေ့မှ စတင်ကာ တရုတ်ဗဟိုအစိုးရ ကိုယ်စားလှယ်အချို့ ၀ ၊ မိုင်းလား အဖွဲ့တို့ သည် တရုတ် မြန်မာနယ်စပ် လန်ချန်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် နှစ်ဖွဲ့စလုံးမှာ ၂၁ ရာစု ပင်လုံညီလာခံသို့ တက်ရောက်မည်ဟု ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

 

“တက်မှာသေချာတယ်၊ ၀ လည်းတက်မှာပါ ၊ ၀ ကလည်း ကတိပေးထားတယ်လေ။ ပြည်တွင်း ငြိမ်းချမ်းရေး ဒီခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် ပြောထားတဲ့ ၂၁ ရာစုပင်လုံညီလာခံကို ထောက်ခံမယ်။ ငြိမ်းချမ်းရေး လမ်းစဉ်ကို ထောက်ခံမယ်ဆိုတာ နဲ့အညီတက်မယ်တဲ့ ၀ အဖွဲ့က ဘယ်နှယောက်တက်မယ် ဆိုတာတော့ မသိသေးဘူး” ဟု မိုင်းလား NDAA အဖွဲ့မှ အထွေထွေ အတွင်းရေးမှူး ဦးကြည်မြင့်က သြဂုတ်လ ၂၄ ရက်နေ့တွင် The Ladies News သို့ ပြောသည်။

 

သြဂုတ်လ ၂၂ ရက်နေ့တွင် မိုင်းလား NDAA အဖွဲ့နှင့် ၄င်း ၊ သြဂုတ်လ ၂၃ ရက်နေ့က အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ၀ ပြည် သွေးစည်းညီညွတ်ရေးပါတီမှ တာဝန်ရှိသူများနှင့် ၄င်း ၀ နယ်စပ် လန်ချန်းတွင် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟု သျှမ်းသံတော်ဆင့် သတင်းတွင် ဖော်ပြထားသည်။

 

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ပြည်ခရီးစဉ်အတွင်း တရုတ်နိုင်ငံအနေဖြင့် မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် ကူညီသွားမည်ဟု တရုတ်သမ္မတ ရှီကျင့်ပင်က ကတိပြုခဲ့သည်။

 

“တရုတ်ဘက်ကတော့ သူကတိပြုထားတဲ့အတိုင်း ငြိမ်းချမ်းရေးအတွက် အတတ်နိုင်ဆုံး တွန်းအားပေးကူညီနေတဲ့ သဘောပဲ။ ဟု ကိုးကန့် တအာင်းပလောင် ၊ အေအေရခိုင်အဖွဲ့ ၃ ဖွဲ့နဲ့ ပတ်သက်လို့လည်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပါဝင်စေချင်တဲ့ သဘောရှိတယ်” ဟု တရုတ်နယ်စပ် စစ်ရေးနိုင်ငံရေး အကဲခတ်တစ်ဦးက ပြောသည်။

 

တအာင်းပလောင် လွတ်မြောက်ရေး တပ်မတော် ၊ ကိုးကန့် MNDAA နှင့် AA ရက္ခိုင့်တပ်မတော်တို့မှာ လက်နက်ကိုင်လမ်းစဉ်နှင့် ပတ်သက်ပြီး ကြေညာချက်ထုတ်ပြန်မှ ညီလာခံ ပေးတက်မည်ဟု အစိုးရ တပ်မတော်ဘက်မှ ဆိုခဲ့သောကြောင့် ကြေညာချက် မထုတ်နိုင်သေးသည့်အတွက် လက်ရှိအချိန်အထိ ညီလာခံတက်ရောက်ရေး မသေချာသေးပေ။

 

ဒေါ်အောင်ဆန်းစုကြည် တရုတ်ခရီးစဉ်အတွင်း တရုတ်အကူညီဖြင့် ကွမ်းလုံတံတား တည်ဆောက်သွားမည်ဟု သဘောတူခဲ့ပြီး ကျောက်ဖြူကူမင်း ဆက်သွယ်မည့် ကားလမ်းကြောင်း ကိစ္စ၊ ပိုးလမ်းမဟောင်း စီမံကိန်းနှင့် တရုတ်ရင်းနှီးမြှပ်နှံမှု ကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

 

ကျောက်ဖြူ-ကူမင်း မဟာဗျူဟာ လမ်းမနှင့် ပိုးလမ်းမဟောင်း စီမံကိန်း ( one belt One Road )မှာ ကိုးကန့်နယ်အတွင်းမှ ရှမ်းပြည်နယ်မြောက်ပိုင်းကို ဖြတ်သန်းသွားမည်ဖြစ်ပြီး ၀ ၊ကိုးကန့် ၊ တအာင်း ၊ ကချင် ၊ ရှမ်းစသည့် တိုင်းရင်းသားများနေထိုင်ရာ ဒေသများကို ဖြတ်ကာ တရုတ်မြန်မာ မဟာဗျူ ဟာလမ်းမနှင့် ဖွံ့ဖြိုးရေး ကုန်သွယ်မှုစီမံကိန်းများနှင့် အိန္ဒိယ သမုဒ္ဒရာ ထွက်ပေါက်အတွက် အမေရိကန်ဒေါ်လာ ဘီလီယံ ၄၀မှ ၈၀ ခန့် တရုတ်နိုင်ငံမှ ရင်းနှီးမြှပ်နှံမည်ဖြစ်သည်။

 

The Ladies News

No comments: