Tuesday, August 16, 2016

ဥပဒေနှင့် ကိုက်ညီမှုရှိမည့် Eco Tourism Plan ဆောင်ရွက်လျက်ရှိဟုဆို

မြန်မာနိုင်ငံတွင် သဘာဝခရီးသွားဒေသ ဆိုင်ရာ ခရီးသွားလုပ်ငန်း ( Eco Tourism ) အကောင်အထည် ဖော်ဆောင်ရန်အတွက် Eco Tourism Plan ကို ဥပဒေနှင့် ကိုက်ညီမှုရှိစေရန် ဆောင်ရွက်လျှက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရသည်။
 
အဆိုပါ Eco Tourism Plan ကို ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်ကတည်းက စတင်ရေးဆွဲလျှက်ရှိပြီး မြန်မာနိုင်ငံရှိ သဘာဝခရီးသွားလုပ်ငန်း အကောင်အထည် ဖော်ဆောင်နိုင်ရန် ရင်းနှီးမြှုပ်နှံမှုများကိုလည်း ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း သိရသည်။
 
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန အနေဖြင့် Eco Tourism ဒေသများအဖြစ် အလောင်းတော်ကသ၁ပ၊ ကျိုက်ထီးရိုး၊ မြိုင်ဟေ၀န်၊ နတ်မတောင် အမျိုးသား ဥယျာဉ်၊ မိန်းမလှကျွန်း၊ အင်းလေးကန်နှင့် ခါကာဘိုရာဇီ အမျိုးသားဥယျာဉ် အစရှိသော ဒေသများအပြင် မြန်မာနိုင်ငံရှိ သဘာဝအလှများပေါများရာ မြိတ်ကျွန်းစုကဲ့သို့သော ဒေသများကို ဖွံ့ဖြိုးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
 
"မြန်မာနိုင်ငံမှာ မြိတ်ကျွန်းစုကဲ့သို့ ခရီးသွားလုပ်ငန်း ဖွံဖြိုးခြင်းမရှိသေးသည့် နေရာဒေသ အများအပြား ဆက်လက်ရှိနေခြင်းကြောင့် မြန်မာနိုင်ငံက နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် အလားအလာရှိသော အခွင့်အလမ်းသစ်များကို ရင်းနှီးမြှုပ်နှံသူများအား ဆက်လက်ဆွဲဆောင်နိုင်ဆဲဖြစ်တယ်" ဟု ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင်က ပြောကြားသည်။
 
မြန်မာနိုင်ငံအတွင်းရှိ အချို့ဒေသများသည် သဘာဝကပေးထားသော အလှတရားများ ရှိနေသော်လည်း ဖွံ့ဖြိုးခြင်းမရှိသောကြောင့် ယင်းဒေသများသို့ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန် ဆွဲဆောင်ရန်ပိုမိုလိုအပ်ပြီး စီးပွားရေးပတ်ဝန်းကျင်သစ်တွင် လုပ်ကိုင်မည့်သူများ၏ ယုံကြည်မှု မြင့်တက်လာစေရန် ဆောင်ရွက်သင့်ကြောင်း သိရသည်။
 
ပြီးခဲ့သည့် သြဂုတ်လ ၂ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့သော Myanmar Hospitality and Tourism ဆွေးနွေးဖလှယ်ပွဲတွင်လည်း ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများက အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်မည့် ရင်းနှီးမြှုပ်နှံမှု အခင်းအကျင်းသစ်အကြောင်း ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်မည့် နေရာသစ်များကို ရှာဖွေဖော်ထုတ်ခြင်း မတူညီသည့် ဈေးကွက်အမျိုးမျိုးကို ခွဲခြမ်းစိတ်ဖြာ လေ့လာခြင်း ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ပြီး Hospitality လုပ်ငန်းကို မြှင့်တင်ခြင်း အကျိုးအမြတ်များသည့် ဟိုတယ် စီးပွားရေးလုပ်ငန်းကို တည်ထောင် လုပ်ကိုင်ခြင်းတို့ကို မြန်မာနိုင်ငံရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ပြည်တွင်းပြည်ပမှ ခရီးသွားလုပ်ငန်းရှင်များက ပါဝင်ဆွေးနွေးခဲ့ကြသည်။
 
ဝသန်
The Ladies News
 

No comments: