Monday, August 22, 2016

အစိုးရသစ်လက်ထက် ငွေကြေးဖောင်းပွမှုသည် ၁၂ ဒသမ ၁၄ ရာခိုင်နှုန်းရှိ

လက်ရှိမြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှု နှုန်းသည် ၁၂ ဒသမ ၁၄ ရာခိုင်နှုန်းရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်ခဲ့ရာ ယင်းသို့ ငွေကြေးဖောင်းပွမှုကြောင့် ဒေါ်လာဈေးပါ မြင့်တက်လာခဲ့ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောဆိုကြသည်။
 
ယခင်နှစ်များက ငွေကြေးဖောင်းပွမှုသည် ၇ ရာခိုင်နှုန်း ၈ ရာခိုင်နှုန်းခန့်သာ ရှိခဲ့သော်လည်း ယခုနှစ် ငွေကြေးဖောင်းပွမှုသည် ယခင်ထက် နှစ်ဆခန့် မြင့်တက်လာခဲ့သည်ဟု ဆိုသည်။
 
ငွေကြေးဖောင်းပွခြင်းသည် ပို့ကုန်များသည့်ကာလ၊ သွင်းကုန်များသည့် ကာလများတွင် ဖြစ်တတ်ပြီး ကုန်သွယ်မှုတွင် လိုငွေပြခြင်းကြောင့် ငွေကြေး အပြောင်းအလဲဖြစ်ကာ ရမည့်ဒေါ်လာထက် သုံးရမည့်ဒေါ်လာက များနေသောကြောင့် ဒေါ်လာ ဈေးတက်နေမည် ဖြစ်ကြောင်း၊ ဒေါ်လာဈေးမြင့်တက်မှုကို စီမံ/ဘဏ္ဍာဝန်ကြီးဌာနနှင့် ဗဟိုဘဏ်တို့က မူဝါဒဖြင့် ထိန်းသွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရက် ၁၀၀ စီမံကိန်း ရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။
 
မြန်မာနိုင်ငံတွင် ငွေကြေးဖောင်းပွမှုများကြောင့် ဒေါ်လာဈေးသည် မတက်သင့်ဘဲ တက်နေရကြောင်း ငွေကြေးဖောင်းပွမှု ထိန်းချုပ်မှုသည် ဗဟိုဘဏ်တွင် အဓိကတာဝန်ရှိသည်ဖြစ်ရာ ငွေစုအတိုးနှုန်းကို တိုးမြှင့်ပေးပါက ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း စီးပွားရေးပညာရှင် ဦးလှမောင်က ပြောကြားသည်။
 
မြန်မာနိုင်ငံရှိ သွင်းကုန်သည် ထုတ်ကုန်ထက် ပိုမိုများပြားနေသောကြောင့် နယ်စပ်ဒေသများရှိ တရားမ၀င် ကုန်သွယ်မှုများကို တရားဝင်အဖြစ်သို့ ဆောင်ရွက်ပေးလိုက်ပါက ငွေကြေးဖောင်းပွမှုကို အထိုက်အလျောက် ထိန်းချုပ်လာနိုင်မည် ဖြစ်ကြောင်း CB Bank မှ အကြံပေး ဦးဖေမြင့်က သုံးသပ်ပြောကြားသည်။
 
နိုင်ငံတော်အနေဖြင့် စီမံကိန်းများ ရှိနေသော်လည်း လက်တွေ့တွင် အကောင်အထည် မဖော်ဆောင်နိုင်သေး သောကြောင့် ကုန်ထုတ်လုပ်မှု နည်းပါးနေခြင်းဖြစ်သည့်အတွက် ကုန်ထုတ်လုပ်မှု တိုးတက် မလာသေးချိန်တွင် နယ်စပ်ဒေသများရှိ ကုန်သွယ်မှုများကို တရားဝင်ကုန်သွယ်မှုအဖြစ် ခွင့်ပြုပေးလိုက်ပါက ကုန်ထုတ်လုပ်မှုပိုင်းတွင် တိုးတက်လာမည်ဟု ဆိုသည်။
 
“ငွေကြေးဖောင်းပွမှုကို ကုစားချင်ရင် အသုံးစရိတ် လျှော့ချရမယ်။ အသုံးစရိတ် လျှော့ချဖို့ကလည်း လောလောဆယ်မှာ မဖြစ်နိုင်သေးဘူး။ လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွေမှာလည်း ချေးငွေကိစ္စတွေမှာ အသုံးစရိတ်တွေ ထုတ်သုံးရမှာဖြစ်လို့ လျှော့လို့မရသေးဘူး။ ရှိတဲ့ စီမံကိန်းတွေကိုလည်း အကောင်အထည် မဖော်နိုင်သေးတော့ ကုန်သွယ်မှုတွေကို တရားဝင်ဖြစ်အောင် ခွင့်ပြုပေးမယ်ဆိုရင်တော့ ဖွံ့ဖြိုးလာမှာပါ” ဟု ဦးဖေမြင့်က The Ladies သို့ ဆက်လက်ပြောကြားသည်။
 
သြဂုတ်လ ၂၂ ရက်နေ့ ပြည်တွင်းဈေးကွက်တွင် အမေရိကန်တစ်ဒေါ်လာသည် ပြင်ပဈေးကွက်တွင် မြန်မာကျပ်ငွေ ၁၂၀၄ ကျပ် ပေါက်ဈေးရှိကြောင်း သိရသည်။
 
ဝသန်
The Ladies News

No comments: