Posted: August 25, 2016
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် ၀က်သက်ရောဂါအပါအ၀င် အခြားကူးစက်ရောဂါကြောင့် သေဆုံးသူ ဦးရေမှ ၈၀ ခန့်ရှိလာပြီး နန်းယွန်းမြို့နယ် အတွင်း ကျေးရွာများတွင် ကျန်းမာရေး စောင့်ရှောက်မှု လုံလောက်ခြင်း မရှိသေးကြောင်း နာဂလူမှု အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။
“လဟယ်မြို့နယ်ကတော့ ငြိမ်ပါတယ် ၊ သေဆုံးသူ ၈၀ ဆိုတာ ဒီလိုဗျ နန်းယွန်းမြို့နယ် ကိုယ်စားလှယ် ဦးစိမ်းမောင်ရဲ့ စာရင်းအရ တက်လာတွေရှိတယ်၊ အခုမှ ဆိုးဆိုးဝါးဝါး ပြန်ပြီးလူသေမှုနှုန်း မြင့်တာတော့မဟုတ်ဘူး။ ဒါပေမယ့် နန်းယွန်းမြို့နယ်က လုံခြုံမှုအပြည့်အ၀ မရသေးဘူးလို့သိရတယ်။ လဟယ်ဘက်ကတော့ အခြေအနေကောင်းတယ်။ နောက်ထပ်သေဆုံးတာ မရှိတော့ဘူး” ဟု လဟယ်မြို့နယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကယ် က The Ladies သို့ပြောသည်။
လဟယ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည့် သေဆုံးသူစာရင်းနှင့် နန်းယွန်းမြို့နယ် လွှတ်တော်အမတ် ဦးစိမ်းမောင် ကောက်ခံရရှိသည့် သေဆုံးလူဦးရေစာရင်းများအား ပြန်လည်ပေါင်းစပ်ရာတွင် စာရင်းတစ်ခုနှင့် တစ်ခု မတူညီ ပါဝင်နေသော အမည်စာရင်း ပေါင်း ၁၂ ဦး ကွဲလွဲနေသည်ကို တွေ့ရှိရခြင်းဖြစ်သည်။ အဆိုပါစာရင်းအရ သေဆုံးသူဦးရေ ၈၀ ဦးရှိပြီဖြစ်ကာ ဆက်လက် စိစစ်မှုများ ပြုလုပ်လျက်ရှိကြောင်းလည်း နာဂလူမှု အဖွဲ့အစည်းများ စုပေါင်းထားသည့် Emergency Response Team to Naga Region တွင်ဖော်ပြထားသည်။
နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဖြစ်သော နန်းယွန်းမြို့နယ်၊ ကဲဆန်ဆာလင်နှင့် ကဲဆန်ကားလန် ကျေးရွာများတွင် အခြေအနေ ဆိုးရွားလျက်ရှိကြောင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းကြောင့် သွားလာရေးအတွက်လည်း မလွယ်ကူကြောင်း သိရသည်။ ထို့အတူ နန်းယွန်းမြို့နယ်နှင့် ဒုံဟီးမြို့နယ်ခွဲတွင် ကျန်းမာရေး စောင့်ရှောက်မှုများ မရရှိသေးသည့်အပြင် စားနပ်ရိက္ခာလည်း လုံလောက်မှု မရှိသဖြင့် အခက်အခဲများ ဖြစ်ပေါ်လျက် ရှိကြောင်း Emergency Response Team to Naga Region မှ သိရသည်။
The Ladies News
No comments:
Post a Comment