Friday, August 19, 2016

ကြံ့ခိုင်ရေးပါတီ တိုင်းဒေသကြီးနှင့် ပြည်နယ်ဥက္ကဋ္ဌများ တာဝန်မှ အနားယူမည်

ရန်ကုန်၊ သြဂုတ် ၁၈

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တိုင်းဒေသကြီးနှင့် ပြည်နယ် ဥက္ကဋ္ဌများ တာဝန်မှ အနားယူမည်ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်များထံမှ သိရသည်။

ကြံ့ခိုင်ရေးပါတီ ဒုတိယအကြိမ် ပါတီ ညီလာခံ အစည်းအဝေးကို သြဂုတ် လ ၂၁ ရက်နေ့၌ နေပြည်တော်ရှိ ပါတီ ရုံးချုပ်၌ ပြုလုပ်သွားမည်ဖြစ်ပြီး ယင်းညီလာခံမှ လစ်လပ် ပါတီဥက္ကဋ္ဌများကို ပြန်လည် အစားထိုး ရွေးချယ်သွားမည်ဖြစ်သည်။

''တိုင်းဒေသကြီး ပြည်နယ် ဥက္ကဋ္ဌတွေက အပြောင်းအလဲ ရှိတယ်ဗျ။ ရွေးထားပြီးသား ရှိတယ်။ သူတို့တွေ အားလုံးက တာဝန်က နားဖို့လိုတယ်''ဟု ကြံ့ခိုင်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးခင်ရီက ပြောသည်။

ကြံ့ခိုင်ရေးပါတီ တိုင်းဒေသကြီးနှင့် ပြည်နယ်ဥက္ကဋ္ဌ နေရာများကို သြဂုတ် လ ၂၂ ရက်နေ့၌ အပြီးသတ် ရွေးချယ်သွားမည်ဟု ၎င်းကဆိုသည်။

အလားတူ ယခင် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် (ဟောင်း) ဦးသာအေး (စစ်ကိုင်းတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ)သည် သြဂုတ်လ ၈ ရက်နေ့၌ ပါတီမှ နုတ်ထွက်စာ တင်ပြီး တာဝန်မှ အနားယူသွားပြီဖြစ်ကြောင်း ပါတီထိပ်ပိုင်းခေါင်းဆောင် အချို့ထံမှ သိရသည်။  

လစ်လပ်သွားသော ဦးသာအေး နေရာ၌ ဒေါတ်တာ ဝင်းမြင့်အောင် (အမျိုးသား လွှတ်တော် ကိုယ်စားလှယ်ဟောင်း၊ စစ်ကိုင်းတိုင်း ပါတီ အတွင်းရေးမှူး)၊ ဒေါက်တာမြင့်သိန်း (တိုင်းဒေသကြီး ဝန်ကြီးဟောင်း)၊ ဗိုလ်မှူးကြီး ရိုဆန် ဂျူး (နာဂဒေသ ဥက္ကဋ္ဌဟောင်း)တို့ သုံးဦးကို လျာထားပြီး ဖြစ်ကြောင်း ယင်းပါတီထံမှ သိရသည်။

''သူတို့ကို ညီလာခံမှာ အတည်ပြု သွားမှာပါ။ နာယက လုပ်မယ့်သူတွေကိုလည်း အစည်းအဝေးမှာ ဆုံးဖြတ်သွားရမယ်'' ဟု ဦးခင်ရီက ဆက်လက်ရှင်းပြ ပြောဆိုသည်။

ကြံ့ခိုင်ရေး ပါတီသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပါတီ ပြန်လည် ပြင်ဆင် ဖွဲ့စည်းရာ၌ ယခင်လွှတ်တော်ကိုယ်စားလှယ် (ဟောင်း) အချို့ကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခဲ့ကြောင်း ယင်းပါတီထံမှ သိရသည်။

ထိုသို့ ထုတ်ပယ်ရာ၌ ယခင်အင်းတော်မြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (ဟောင်း) ဦးကျော်နိုင်ဌေး ပါဝင်ခဲ့ပြီး အခြား ထုတ်ပယ်ခံရသူ များစွာရှိကြောင်း စစ်ကိုင်းတိုင်း ပါတီထိပ်ပိုင်း ခေါင်းဆောင်များက ဆိုသည်။

No comments: