ချင်းတွင်းမြစ်ရေကို
၂၀၁၅ ခုနှစ် ရေနည်းချိန်ကာလဖြစ်သည့် အောက်တိုဘာနှင့် စက်တင်ဘာ လများက
စမ်းသပ်တိုင်းတာဓာတ်ခွဲခဲ့ရာ သတ္တုအဆိပ်ပါဝင်မှုနှုန်းများနေသဖြင့်
သောက်ရေအဖြစ် တိုက်ရိုက်အသုံးပြုရန် မသင့်ကြောင်းတွေ့ရှိခဲ့ရသည်ဟု
စစ်ကိုင်းတိုင်း ရေအရင်းအမြစ်နှင့်
မြစ်ကြောင်းများထိန်းသိမ်းရေးဦးစီးဌာနမှ တိုင်းမန်နေဂျာ
ဦးဘုန်းကျော်စိန်က ပြောကြားသည်။
ချင်းတွင်းမြစ်ရေစမ်းသပ်မှုခဲ့သည့်
SEI နှင့် MEI အဖွဲ့၏ ရေအရည်အသွေးစစ်ဆေးချက် တိုင်းတာမှုအရ ထုတ်ပြန်ခဲ့သည့်
အစီရင်ခံစာအပေါ်အခြေခံကာ ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါအဖွဲ့သည်
ဟုမ္မလင်းမြို့မှစတင်၍ အောက်ဘက်မြစ်ကြောင်း တစ်လျှောက်ရှိ ဖောင်းပြင်၊
မော်လိုက် ၊ မင်းကင်း၊ ကနီနှင့် မုံရွာမြို့အနီးရှိ ချင်းတွင်းမြစ်ရေကို
စမ်းသပ်ခဲ့ပြီး စမ်းသပ်မှုအပြီး ထွက်ပေါ်လာသည့်အစီရင်ခံစာအရ
ချင်းတွင်းမြစ်ရေသည် နောက်ကျိခြင်း၊ ဘက်တီးရီးယားပိုးများ ပါဝင်နေခြင်း၊
သံဓာတ်ပါဝင်မှု များခြင်း၊ မာကျူရီဓာတ်များ ပါဝင်နေပြီး မုံရွာမြို့အနီးတွင်
ကော့ပါးဓာတ်ပါ ပါဝင်နေလျက်ရှိရာ သောက်သုံးသင့်သည့်ပမာဏထက်
သတ္တုအဆိပ်ပါဝင်မှုနှုန်းများနေသဖြင့် သောက်သုံးရန်မသင့်သည့်ရေဖြစ်ကြောင်း
ပြောကြားရခြင်း ဖြစ်သည်ဟု ဦးဘုန်းကျော်စိန်က ပြောသည်။
ယင်းက
"အရမ်းစိုးရိမ်ရတဲ့ အနေအထားတော့ မဟုတ်ဘူး။ သတ္တုအဆိပ် ပါဝင်နှုန်းများနေတဲ့
အတွက် သောက်သုံးဖို့လည်း မသင့်ဘူး။ ဒါနဲ့ပတ်သက်ပြီး ပြည်သူတွေကို
အသိပညာလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် သက်ဆိုင်ရာတိုင်းဒေသကြီး
လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာ အုပ်ချုပ်သူတွေကနေတစ်ဆင့် ပြည်သူတွေဆီ
အသိပညာပေးလုပ်ငန်းတွေ ဆက်တိုက်လုပ်သွားမှာပါ" ဟု ပြောသည်။
ချင်းတွင်းမြစ်ဖျားပိုင်းတွင်
ကျောက်စိမ်း၊ ရွှေနှင့် အခြားအဖိုးတန် ရတနားများ တူးဖော်ရရှိနိုင်သည့်အတွက်
စက်ယန္တရားကြီးများဖြင့် တူးဖော်ရာမှ ထွက်ပေါ်လာသည့် စွန့်ပစ်ပစ္စည်းများကို
မြစ်အတွင်း စွန့်ပစ်ရာမှ သောက်သုံးရေအဖြစ် အသုံးမပြုနိုင်တော့သည်မှာ
ကြာပြီဖြစ်ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
ချင်းတွင်းမြစ်သည်
စစ်ကိုင်းတိုင်းအတွင်း ဖြတ်၍ စီးဆင်းသည့်မြစ်ဖြစ်ပြီး
မြစ်ကမ်းဘေးမြို့များ နေပြည်သူများသည် မြစ်ရေတင်စနစ်ဖြင့် မြို့အတွင်း
ဖြန့်ဖြူးပေးနေသည့်အတွက် သောက်သုံးရေအဖြစ် အသုံးပြုနေကြရသည်။ ချင်းတွင်းမြစ်သည်
မြန်မာ-အိန္ဒိယ နယ်စပ် ပတ်ကွိုင်းတောင်တန်းနှင့် ကူးမွန်တောင်တန်းများမှ
မြစ်ဖျားခံစီးဆင်းပြီး ၇၅၀ မိုင်ရှည်လျားသည်။
No comments:
Post a Comment