Friday, August 19, 2016

ပခုက္ကူ၌ ဘောလုံးပြိုင်ပွဲအတွင်း အချင်းများရာမှ နေအိမ် ၅၀ ခန့် ဖျက်ဆီးခံရ

ပခုက္ကူ၊ သြဂုတ် ၁၈

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ကွန်းရွာကျေးရွာ သုံးပြည်ဘွဲ့ရ ပေါ်တော်မှု မြတ်စွာဘုရားပွဲ၌ သြဂုတ် ၁၈ ရက် ညနေ ၅ နာရီခန့်က ဆင်မင်းကျေးရွာ ဘောလုံးအသင်းနှင့် ပြည်ထဲရေးအသင်း ဗိုလ်လုပွဲ ယှဉ်ပြိုင်ကြရာတွင် အချင်းများခဲ့ပြီး ဆင်မင်းကျေးရွာ အိမ်ခြေ ၅၀ ခန့် ဖျက်ဆီးခံရကြောင်း ယင်းဒေသခံများထံမှ သိရှိရသည်။
"ကွန်းရွာကျေးရွာ ပေါ်တော်မှု မြတ်စွာဘုရားပွဲ ဘောလုံးပွဲမှ ခဲနဲ့ပစ်ပေါက်ရာက အချင်း များကြတယ်လို့ ကြားတယ်။ အဲဒီ့နောက်ပိုင်း ရွှေတန်တစ် ကျေးရွာက လူအုပ်ကြီးက ဆင်မင်းကျေးရွာ ရောက်လာပြီး လမ်းမဘေးမှာရှိတဲ့ နေအိမ်တွေနဲ့ အိမ်တွင်း ပစ္စည်းတွေ၊ ဆိုင်ကယ်တွေကို ဖျက်ဆီးသွားတယ်"ဟု နေအိမ် ဖျက်ဆီးခံရသည့်အထဲတွင် ပါဝင်ခဲ့သည့် အမျိုးသမီး တစ်ဦးက ပြောဆိုသည်။

ဖျက်ဆီးခံရသည့် ပစ္စည်းများနှင့် တန်ဖိုးကို စာရင်း ကောက်ယူလျက် ရှိကြောင်း၊ အမျိုးသား တစ်ဦး ဒဏ်ရာ ရရှိသဖြင့် ဆေးရုံသို့ တင်ပို့ထားရကြောင်း၊ ရဲတပ်ဖွဲ့က လုံခြုံရေး ယူထားကြောင်း ပခုက္ကူမြို့မ ရဲစခန်းမှူး ဒုရဲမှူးကျော်စိုးက ပြောဆိုသည်။

လက်ရှိ ည ၁၂ နာရီကျော်သည်အထိ ရွှေတန့်တစ် ကျေးရွာသားများနှင့် ဆင်မင်းကျေးရွာသားများ၏ ပဋိပက္ခမှာ ပြီးဆုံးခြင်း မရှိသေးဘဲ တုတ်၊ ဓား လက်နက်များဖြင့် တစ်ရွာနှင့် တစ်ရွာ အချင်းများနေဆဲ ဖြစ်၍ ရဲအင်အား ၅၀ ခန့်က ထိန်းသိမ်းနေရဆဲ ဖြစ်သည်ဟု The Voice သတင်းထောက်က သတင်းပေးပို့သည်။

No comments: