August 23, 2016
ဧရာဝတီမြစ်ဝှမ်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို နယ်သာလန်နှင့် သြစတေးလျနိုင်ငံတို့မှ ထောက်ပံ့ကူညီမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီမှ သိရှိရသည်။
''စီမံကိန်းကိုလုပ်တာကြာပြီ။ ဘက်စုံတိုးတက်ရေးအတွက် လုပ်တာပါ။ ရေကြောင်းအခြေအနေ၊ သွားလာရေး တွေပါမယ်။ လုပ်ငန်းစဉ်သုံးခု ရှိတယ်။ ရေဆိုင်ရာ သတင်းအချက်အလက်တွေရရှိမယ့် အချက်တွေလည်း ပါ တယ်။ အခု နယ်သာလန်နဲ့ သြစတေးလျက နည်းပညာပိုင်းတွေ၊ ပညာရှင်တွေ ထောက်ပံ့ပေးသွားမှာပါ'' ဟု မြန်မာနိုင်ငံအမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီအတွင်းရေးမှူး ဦးထွန်းလွင်ဦးကပြောသည်။
အဆိုပါစီမံကိန်းလုပ်ဆောင်ရန် အချိန်ရှစ်လကျော်ကြာ ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး နယ်သာလန်နိုင်ငံနှင့် ၂၀၁၃ ခုနှစ်တွင် သဘောတူညီမှုရယူခဲ့ကာ ၂၀၁၅ ခုနှစ်တွင် သြစတေးလျနိုင်ငံနှင့် သဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်သည်။
''အခုလို ပူးပေါင်းဆောင်ရွက်နေတာတွေ လုပ်သွားမယ်။ မြစ်ကြောင်းထိန်းသိမ်းမယ့် နည်းလမ်းတွေလည်း ပါမယ်။ ကျွန်တော်တို့ဆီက မြစ်နဲ့လည်း အလားတူဖြစ်ရပ်တွေ မကြုံစေချင်လို့ပါ''ဟု သြစတေးလျသံအမတ် Mr.Nicholas Coppel ကပြောသည်။
အဆိုပါစီမံကိန်းတွင် မြစ်ကြောင်းအခြေအနေ၊ ရေဆိုင်ရာ အချက်အလက်၊ မြစ်ကြောင်းတွင် နေထိုင်သူများကိုပါ ထည့်သွင်းလေ့လာခြင်းများ ပြုလုပ်သွားမည်ဖြစ်ပြီး မြေပေါ်ရေ အခြေအနေအား ကာကွယ်ရမည့်အပိုင်းများကို လေ့လာသွားမည်ဖြစ်သည်။
စီမံကိန်းအချက်အလက်များကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် ပထမအကြိမ်နှင့် ၂၀၁၇ ခုနှစ် မတ်လတွင် ဒုတိယအကြိမ် ထုတ်ပြန်မည်ဖြစ်ပြီး နောက်ဆုံးအပြီးသတ် အချက်လက်များကို ၂၀၁၇ ခုနှစ် ဇွန်လတွင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရသည်။
စီမံကိန်းနှင့်ပတ်သက်၍ summit park view ဟိုတယ်၌ သြဂုတ် ၂၃ ရက်တွင် အလုပ်ရုံဆွေးနွေးပွဲဖြင့် စတင် လုပ်ဆောင်မည်ဖြစ်ပြီး ထိုင်း၊ ဗီယက်နမ်၊ မြန်မာ၊ နယ်သာလန်၊ သြစတေးလျနှင့် နီပေါတို့မှပညာရှင်များ လာရောက် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
MMK
The Ladies News
No comments:
Post a Comment