Wednesday, August 17, 2016

၂၁ ပင်လုံဖွင့်ပွဲတွင် အားလုံးပါနိုင်မည်ဆိုသော် လည်း နိုင်ငံရေး ဆွေးနွေး ဆုံးဖြတ်မှုများ ပြုလုပ်နိုင်ဦးမည် မဟုတ်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ဦးဆောင်ကာ လာမည့် သြဂုတ်လ ၃၁ ရက်နေ့တွင် ကျင်းပရန် ရည်ရွယ်ထားသည့် ၂၁ ရာစုပင်လုံညီလာခံတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး တက်ရောက်နိုင်မည် ဖြစ်သော်လည်း နိုင်ငံရေးအရ ဆွေးနွေးဆုံးဖြတ်မှုများ ပြုလုပ်နိုင်ဦးမည် မဟုတ်ကြောင်း သိရသည်။
 
“အားလုံးပါဝင်နိုင်တယ်ဆိုပေမဲ့ အပြန်လှန် ဆွေးနွေးမှုတွေ မလုပ်ဘူး။ ဆုံးဖြတ်မှုတွေပြုလုပ်ဦးမှာ မဟုတ်ဘူး။ အဖွဲ့အစည်းအလိုက်တော့ စာတမ်းဖတ်တာတွေ တင်ပြတာတွေတော့ရှိမယ်။ ပြောချင်တာတော့ပြောလို့ရမယ်” ဟု
နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီ UPDJC အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် UPDJC ၏ နိုင်ငံရေးပါတီများအစုအဖွဲ့မှ အထွေထွေအတွင်းရေးမှူး စိုင်းကျော်ညွှန့်ကပြောသည်။
 
ယင်းသို့ ဆွေးနွေးဆုံးဖြတ်မှုများ မပြုလုပ်နိုင်ခြင်းမှာ အန်စီအေ လက်မှတ်မထိုးသေးသည့် အဖွဲ့များရှိနေဆဲ ဖြစ်၍ ဖြစ်ပြီး ညီလာခံနောက်ထပ်တစ်ကြိမ် မတိုင်ခင်တွင်မူ အန်စီအေ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး လက်မှတ်မထိုးရသေးသည့် အဖွဲ့များအနေဖြင့် လက်မှတ်ရေးထိုးပြီးမှ တက်ရောက်နိုင်မည်ဖြစ်ကြောင်းလည်း ၂၁ ပင်လုံဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေက ပြောသည်။
 
နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲမှု အန်စီအေစာချုပ်အရဆိုလျှင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များသာ တက်ရောက်ခွင့်ရမည်ဖြစ်သောကြောင့် ကျင်းပရန် သိပ်မလိုတော့သည့် ၂၁ ပင်လုံတွင် အားလုံးပါဝင် တက်ရောက်နိုင်ရေးအတွက် ညီလာခံကိုယ်စားလှယ်များအစား ညီလာခံ တက်ရောက်သူများဟု အမည်ပြောင်းလဲကာ သတ်မှတ်ကာ ကျင်းပတော့မည်ဖြစ်သည်။
 
ယင်းအပြင် ၂၁ ပင်လုံပူးတွဲကျင်းပရေး ကော်မတီတွင် လက်မှတ်မထိုးသေးသည့်အဖွဲ့များ ပါဝင်နိုင်ရန် တောင်းဆိုထားသည့်အပေါ် ပါဝင်ခွင့်ပြုမည့်အချက်ကိုလည်း နေပြည်တော်တွင် သြဂုတ် ၁၅ ရက်နေ့က ပြုလုပ်သည့် အစည်းအဝေးတွင် သဘောတူညီချက်ရယူနိုင်ခဲ့သည်။
 
၂၁ ပင်လုံအဖွင့်ပြီးပါက အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို သက်ဆိုင်ရာ အမျိုးသားအလိုက် ကျင်းပမည်ဖြစ်ကာ ယင်းနောက်တွင် ညီလာခံကို ဒုတိယ အကြိမ်မြောက် ကျင်းပမည်ဖြစ်ပြီး ဒုတိယအကြိမ်မြောက် ညီလာခံဆွေးနွေးမှုတွင်မူ အန်စီအေ အပစ်ရပ်လက်မှတ်ထိုးပြီးမှသာ တက်ရောက်နိုင်မည်ဖြစ်သည်။
 
ယခင်အစိုးရလက်ထက်က ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ပါဝင်ရန် ငြင်းဆန်ခံထားရသည့် တအာင်းပလောင် ၊ ကိုးကန့် MNDAA ၊ AA ရက္ခိုင့်တပ်မတော် စသည့်အဖွဲ့များနှင့် အစိုးရ ငြိမ်းချမ်းရေးကော်မရှင်တို့ မိုင်းလားတွင် တွေ့ဆုံးခဲ့ပြီး လက်နက်စွန့်ရန် ဆန္ဒရှိကြောင်း ကြေညာချက်ထုတ်ပြန်ရန် ငြိမ်းချမ်းရေးကော်မရှင်ဘက်မှ တောင်းဆိုမှုများရှိခဲ့ပြီး သဘောတူညီမှု တစ်စုံတစ်ရာမရရှိခဲ့ပေ။ ကိုးကန့်စစ်ပွဲတွင် ပါဝင်တိုက်ခဲ့သည့် အဆိုပါအဖွဲ့များကို ယခင်အစိုးရမှ ပါဝင်လက်မှတ်ရေးထိုးခွင့်ပြုရန် ငြင်းဆန်ခဲ့ခြင်းကြောင့် နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရာတွင် အဖွဲ့ ၈ ဖွဲ့သာ လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း ဖြစ်သည်။
 
၂၁ ပင်လုံမှာကျင်းပရန် ၂ ပတ်ခန့်သ်ာလိုတော့သော်လည်း နိုင်ငံရေးဆွေးနွေးမှု မူဘောင် ပြန်လည် သုံးသပ်ပြင်ဆင်မှုအတွက် ဆွေးနွေးမှုမှာ ပြီးပြတ်ခြင်းမရှိခဲ့ကြောင်းလည်း သိရသည်။
 
The Ladies News
 

No comments: