Wednesday, August 24, 2016

ဘားအံစက်မှုဇုန်၌ လက်လုပ်ချိန်ကိုက်မိုင်း ပေါက်ကွဲ

ကရင်ပြည်နယ် ဘားအံမြို့ စက်မှုဇုန်(၂) ဘားအံ-ထီးဖိုးကလုံးကျေးရွာသွားကားလမ်း မဟာအထည်ချုပ်စက်ရုံအရှေ့ ခန့်မှန်းမြေပုံညွှန်း(MU-619732)၌ ယနေ့(သြဂုတ် ၂၄ ရက်) နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က လမ်းဘေးရှိ လုံးပတ် ၅ ပေခန့်ရှိ ညောင်ပင်ခြေရင်းတွင် ကားလမ်းမဘက်ခြမ်းသို့ မျက်နာမှု၍ လက်လုပ်ချိန်ကိုက်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မိုင်းပေါက်ကွဲမှုဖြစ်ပွားစဉ် ကားလမ်းမပေါ်၌ လူနှင့်ယာဉ်များဖြတ်သန်းသွားလာခြင်းမရှိသဖြင့် ထိခိုက်သေဆုံးမှု မရှိဘဲ ညောင်ပင်မှာကားလမ်းပေါ်သို့ လဲကျသွားခဲ့ကြောင်း၊ အဆိုပါညောင်ပင်ကို အနီးပတ်ဝန်းကျင်ရှိ စက်ရုံမှ အလုပ်သမားများနှင့် ရဲတပ်ဖွဲ့ဝင်များက ၀ိုင်းဝန်းရှင်းလင်းခဲ့ပြီး မည်သူမည်ဝါ၊ မည်သည့်အဖွဲ့အစည်းက ဖောက်ခွဲသည်ကို မသိရှိသေးကြောင်း အဆိုပါသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖြစ်စဉ်နေရာနှင့် ကိုက် ၅၀ ခန့်အကွာတွင် မိုင်းအပိုင်းအစ ၁၃ ခု၊ အနီရောင်ဝါယာယမ်းကြိုးစ တစ်ချောင်း တို့ကို တွေ့ရှိခဲ့သဖြင့် ပေါက်ကွဲမိုင်းမှာ နှစ်လက်မပတ်လည်၊ အရှည် ခြောက်လက်မခန့်ရှိ သံပိုက်လုံးအတွင်း၌ TNT ယမ်း၊ ပန်တိုပလပ်ယမ်းများ ထည့်ထားသည့်အပြင် ကော့တက်စ်အားမြင့်ယမ်းကြိုးချောင်းကို ထပ်မံဖြည့်သွင်း၍ ဓါတ်ခဲ နှစ်လုံးဖြင့် ချိန်ကိုက်ဖောက်ခွဲခြင်းဖြစ်နိုင်ကြောင်း၊ ပေါက်ကွဲမှုဖြစ်ပွားရာ နေရာသို့ ဘားအံတပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး ဇော်ခိုင်ထွန်းနှင့် တပ်ဖွဲ့ဝင်များ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကြည်လင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကြာညိုနှင့် တပ်ဖွဲ့ဝင်များက သွားရောက်ကြည့်ရှု့ စစ်ဆေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ - MOI Webportal Myanmar

No comments: