Wednesday, August 24, 2016

ရန်ကုန်မြို့တွင်း ခုံးကျော်တံတားများ ပြင်သစ်အစိုးရအစီအစဉ်ဖြင့် ပြုပြင်မွမ်းမံမည်


ရန်ကုန်၊ သြဂုတ် ၂၄

ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးကိစ္စရပ်များအနက် တစ်ခုအပါအဝင်ဖြစ်သည့် မြို့တွင်းခုံးကျော်တံတားများ ပြုပြင်မွမ်းမံခြင်းကို ယခုနှစ် ဒီဇင်ဘာလအတွင်း ပြင်သစ်အစိုးရက စတင်ပြုလုပ်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက ယနေ့(သြဂုတ် ၂၄ရက်)သတင်းထုတ်ပြန်သည်။

ယင်းကိစ္စများဆောင်ရွက်ရေး ပြင်သစ်နိုင်ငံသို့ရောက်ရှိနေသော ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ပြင်သစ်နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာဖွံဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဝန်ကြီး M. Jean-Marc Ayrault တို့ ယနေ့(သြဂုတ် ၂၄ရက်)တွင် ဆွေးနွေးမည်ဖြစ်ကြောင်း ယင်းသတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

မြို့တွင်းခုံးကျော်တံတားများ ပြန်လည်ပြုပြင်မွမ်းမံခြင်းကို ပြင်သစ်အစိုးရက ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ပထမဆုံးအကြိမ် ခမ်းနားစွာပြုလုပ်မည့် မင်္ဂလာပါပွဲတော်အတွင်း စတင်ပြုလုပ်မည်ဖြစ်ကြောင်း ပြင်သစ်သံရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ပြင်သစ်နိုင်ငံခရီးစဉ်အတွင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းသည် ပြင်သစ်အစိုးရ၏ တာဝန်ရှိသူများ၊ ပြင်သစ်လုပ်ငန်းရှင်များ၊ မြို့ပြဖွံဖြိုးတိုးတက်ရေးကဏ္ဍမှ တာဝန်ရှိသူများနှင့် တွေ့ဆုံမည်ဖြစ်ပြီး Nantes နှင့် Saint-Nazaire မြို့တို့၏ မြို့တော်ဝန်များ၏ ဖိတ်ကြားချက်အရ အဆိုပါမြို့များ၏ ဆိပ်ကမ်းများ၊ မြစ်ကြောင်းပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်များကို လေ့လာသွားမည်ဖြစ်ကြောင်း ပြင်သစ်သံရုံးထံမှ သိရှိရသည်။

No comments: