Tuesday, August 16, 2016

ဖားကန့် ၊ နန့်ယားကျေးရွာအတွင်း လက်နက်ကြီး ကျရောက်မှုကြောင့် ကျောင်းဆရာမ တစ်ဦးနှင့် ကျောင်းသားတစ်ဦး ထိခိုက်ဒဏ်ရာရ

ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ် ၊ နန့်ယားကျေးရွာတွင် သြဂုတ် ၁၅ ရက်က တပ်မတော်နှင့် KIA တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ လက်နက်ကြီး ကျည်ဆံအချို့ ကျရောက်ခဲ့ပြီး ကျောင်းဆရာမတစ်ဦးနှင့် ကျောင်းသားတစ်ဦး ထိမှန်ခဲ့ကြောင်း နန့်ယားဒေသခံများထံမှ သိရသည်။
 
လက်နက်ကြီးကျည်ဆံ ကျရောက်ခဲ့မှုကြောင့် နန့်ယားကျေးရွာတွင် နေအိမ်အချို့ မီးလောင်ကျွမ်းခဲ့ပြီး စာသင်ကျောင်းအတွင်း ကျရောက်ခဲ့သည့် လက်နက်ကြီးကျည်ဆံမှာ ဆရာမ ဒေါ်ခင်ရူပါငယ်၏ ယာဘက်ဂျိုင်းအောက်တွင် ထိမှန်ခဲ့ခြင်းဖြစ်ပြီး ကျောင်းသားတစ်ဦး၏ ပါးတွင် လည်းထိမှန်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။
 
“လူနာတွေကတော့ မြောက်ပိုင်းတိုင်း စစ်ဆေးရုံ မြစ်ကြီးနား ပေါ့။ အဲ့ဒီကိုပို့ထားတယ်၊ အသက်အန္တရာယ်တော့ စိုးရိမ်စရာမရှိဘူး ပြောပါတယ်၊ ကလေးလေးကလည်း နည်းနည်းပဲ ထိသွားတာ၊ မနေ့(သြဂုတ်၁၅) အထိ တော့ တိုက်ပွဲဖြစ်နေတယ်၊ ဒီနေ့တော့ ဘာမှမကြားသေးဘူး” ဟု ကုသိုလ်ဖြစ်လူမှုကူညီရေးအသင်း မှ ဦးဇော်မင်းထွန်းက The Ladies သို့ပြောသည်။
 
ဖားကန့်မြို့နယ် ရှဒူးဇွပ် ကျေးရွာအနီး ချောင်းစုံ၊ လောဂျာစသည့် ဒေသများအတွင်း အစိုးရနှင့် ကေအိုင်အိုတပ်များအကြား တိုက်ပွဲဖြစ်ပွားမှုများရှိနေပြီး စစ်ရေးတင်းမာနေကြောင်း KIA ၏ ပြန်ကြားရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နော်ဘူကလည်း ပြောဆိုထားသည်။
 
ဖားကန့်မြို့နယ် ရှဒူးဇွတ်ကျေးရွာအနီး ၀န်းကျင်တွင် ယခုလဆန်းပိုင်းမှ စတင်ကာ တိုက်ပွဲဖြစ်ပွားမှုများကြောင့် ရွှေတူးဖော်ရေးလုပ်ငန်းများ ရပ်ဆိုင်းထားရပြီး အခြားရောင်းဝယ်ရေး လုပ်ငန်း အတော်များများပါ ရပ်ဆိုင်းကုန်ကြောင်း ဒေသခံများထံမှ သိရသည်။
 
ဇော်မင်းထွန်း
The Ladies News
 

No comments: