Saturday, August 20, 2016

မြ၀တီမြို့တွင်​ ​နေရပ်​ပြန်​ မြန်​မာလုပ်​သားများအား အုပ်​စုဖွဲ့ ငွေလိမ်​နေသည့် အဖွဲ့အား ဖမ်းဆီးရမိ

အုပ်​စုဖွဲ့ ငွေလိမ်​နေသည့်​ ကိုးဦးပါ​အဖွဲ့အား တွေ့ရစဉ်
ကရင် ​ပြည်​နယ်​ မြ၀တီနယ်​စပ်​မြို့တွင်​ ထိုင်းနိုင်​ငံမှ ပြန်​လာသည့်​ ​နေရပ်​ပြန်​ မြန်​မာ​ရွှေ့ ပြောင်း လုပ်​သားများအား အုပ်​စုဖွဲ့  လိမ်​ယူ​နေသည့်​ ငွေလိမ်​အဖွဲ့ (​ဒေသအ​ခေါ် ဗိုက်​​ဖောက်​) များကို သြဂုတ်​ ၁၉ ရက်​​က မြ၀တီ ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်​ခဲ့​ကြောင်း သိရသည်။
ထိုင်းနိုင်​ငံအတွင်း အလုပ်​လုပ်​ပြီး ​နေရပ်​ပြန်​လာသူ ဦးလှ​ဝေသည်​ ၎င်းအား ကူညီဟန်​ပြုကာ​ ခေါ်​ဆောင်သွားသူများက ​အတင်းအဓမ္မ ငွေလဲခိုင်းရာ ​ကြောက်​ရွံ့ပြီး လဲခဲ့ရ​သော်​လည်း ငွေလိမ်​ခံလိုက်​ရသည်​ကို သိရှိခြင်း​ကြောင့်​ ရဲတပ်​ဖွဲ့သို့ သွား​ရောက်​ တိုင်​ကြားခဲ့​သည်​။
ထိုင်းနိုင်​ငံအတွင်း အလုပ်​သွား​ရောက်​ လုပ်​ကိုင်​ပြီး ​နေရပ်​ပြန်​လာသည့်​ မြန်​မာနိုင်ငံသားများအနက်​ အယုံလွယ်သူ ​တောသူ ​တောင်​သားများ အ​နေဖြင့်​ အုပ်​စုဖွဲ့လိမ်​လည်​ခြင်းကို မကြာခဏ ခံ​နေကြရ​ကြောင်း သတင်းအရ မြ၀တီရဲတပ်​ဖွဲ့မှ ရဲအုပ်​မျိုး​ကျော်​ ဦး​ဆောင်​သည့်​ ရဲတပ်​ဖွဲ့ဝင်​များ၊ ရပ်​ကွက်​မှ တာဝန်ရှိသူများသည်​ ထိုင်းနိုင်​ငံမှ ပြန်​လာပြီး ​ငွေလိမ်​ခံရသူ ဦးလှ​ဝေ၊ (မွန်​ပြည်​နယ်​၊​ ပေါင်​မြို့နယ်​နေသူ) နှင့်​ အမှတ်​(၃) ရပ်​ကွက်​ ကရင်​စာ​ပေ (၁) လမ်းရှိ ​ငွေလိမ်​အဖွဲ့တည်​ရှိရာ ​နေအိမ်​သို့ သွား​ရောက်​စစ်​​ဆေးခဲ့​သည်​။
ရဲတပ်​ဖွဲ့ဝင်​များသည်​ ​ငွေလိမ်​ခံရသူ ဦးလှ​ဝေနှင့်​အတူ အမှတ်​(၃) ရပ်​ကွက်​၊ ကရင်​စာ​ပေ(၁) လမ်းရှိ ​အောင်အောင်​ဆိုသူ ငှားရမ်းနေထိုင်​သည့်​အိမ်​သို့ သွား​ရောက်​စစ်​​ဆေးရာ​ ငွေလဲ​ပေးသူ လှထွဋ်​၊ ထက်​​ဝေ၊ ​အောင်​​အောင်​တို့ သုံးဦးအား ​ငွေလဲသည့်​ နေရာတွင်​ ​တွေ့ရပြီး သန့်​ဇင်​၊​ အောင်​မြင့်​ဦး၊ ​အောင်​​ဇော်​လတ်​၊​ ကျော်ထက်တို့ လေးဦး အား အိမ်​​ရှေ့တွင်​ ​တွေ့ရကာ ယင်းတို့လေးဦးမှာ ​ငွေလဲသူများကို တာဝန်​ယူ​ ခေါ်ဆောင်​​ပေးရသူများ ဖြစ်​​သည်​။
ထို့ပြင်​ တာဝန်​ရှိသူများ လာ​ရောက်​မှု အ​ခြေအ​နေကို ​စောင့်​ကြပ်​​ပေးရသူ နှစ်​ဦးဖြစ်​​သော မြန်​သူနှင့်​ ​ဇော်​မင်းထွန်းတို့ နှစ်​ဦးကိုလည်း အိမ်​​ရှေ့တွင်​ ​တွေ့ရှိခဲ့သည်​။
ရဲအုပ်​မျိုး​ကျော်​ ဦး​ဆောင်​​သော အဖွဲ့သည်​ သက်​​သေများနှင့်​အတူ လှထွဋ်​​ခေါင်း​ဆောင်​သည့်​ ကိုးဦးပါဝင်​​သော (​ဒေသအခေါ် ဗိုက်​​ဖောက်​ဂိုဏ်း) အုပ်​စုဖွဲ့ လူလိမ်​အဖွဲ့အား စစ်​​ဆေးရာ ​နေရပ်​ပြန်​ မြန်​မာရွှေ့ပြောင်း လုပ်သားများအား မမှန်​မကန်​ ​ငွေလဲမှု ပြုလုပ်​ပြီး လျှို့ဝှက်​စွာ ခိုးယူခဲ့​ကြောင်း ​ပေါ်ပေါက်​သဖြင့်​ ​ငွေလဲပြီးရယူခဲ့သည့်​ ထိုင်းဘတ်ငွေများ၊​ ငွေလဲရာတွင်​အသုံးပြုသည့်​ မြန်​မာကျပ်​​ငွေများ၊ ဂဏန်း​ပေါင်းစက်​များ၊ ထိုင်​ခုံများ၊ ဖုန်းတစ်​လုံး၊ အိတ်​များသိမ်းဆည်း ရမိခဲ့​သည်​။
နေရပ်​ပြန်​ မြန်​မာနိုင်​ငံသားများအား ကူညီဟန်​ပြုကာ ​ခေါ်​ဆောင်​လာပြီး အုပ်​စုဖြင့်​ ခြိမ်း​ခြောက်​​ငွေလဲခိုင်းကာ ပိုင်​ရှင်​မသိ​အောင်​ လျှို့ဝှက်​စွာ ခိုးယူသည့်​ လူလိမ်​အဖွဲ့မှ လှထွဋ်​ပါ ကိုးဦးအား မြ၀တီရဲစခန်းမှ ဥပ​ဒေနှင့်​အညီ အ​ရေးယူ ဆောင်​ရွက်​လျက်​ရှိကြောင်း သိရသည်။

No comments: