ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ
၂၁ ရာစု ပင်လုံအား လာမည့် သြဂုတ် ၃၁ ရက်တွင် စတင်ကျင်းပရန် အတည်ပြုထားသည်။
အဆိုပါညီလာခံကျင်းပရေး ပူးတွဲကော်မတီတွင် နိုင်ငံရေးပါတီများ အစုအဖွဲ့မှ
၁၆ ဦး၊ (အစိုးရ၊ လွှတ်တော်၊ တပ်မတော်) ပါဝင်သည့် အစိုးရအဖွဲ့မှ ၁၆ ဦး၊ NCA
လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ
ရှစ်ဦးနှင့် NCA လက်မှတ် မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အ
ဖွဲ့များမှ ရှစ်ဦး ပါဝင်မည် ဖြစ်သည်။ ထို့ပြင် ၂၁ ရာစု ပင်လုံညီလာခံတွင်
တင်ပြရန် နိုင်ငံရေး၊ လူထု အခြေခံလိုအပ်ချက်၊ စီးပွားရေး
လုပ်ပိုင်ခွင့်များနှင့် သက်ဆိုင်သည့် အချက်များ ပါဝင်သော ဆွေးနွေးမှု
မူဘောင်တစ်ခုအား ရခိုင်အမျိုးသား ပါတီအနေဖြင့် ပြင်ဆင်ထားကြောင်း
ထုတ်ဖော်ပြောဆိုထားသည်။ ယင်းအပြင် ကိုးကန့်၊ တအာင်းနှင့်
ရခိုင်လက်နက်ကိုင်အဖွဲ့တို့ကလည်း ၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်ရန်နှင့်
ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၌ ပူးပေါင်းပါဝင်ရန်
အဆင်သင့်ဖြစ်နေကြောင်း သဘောထားများ ထုတ်ပြန်ထားသည်။
ပြည်တွင်းငြိမ်းချမ်းရေး မရရှိသေးသလို တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့ကြား မကြာခဏ ဖြစ်ပွားခဲ့သော တိုက်ပွဲအချို့ကြောင့် စစ်ဘေးဒုက္ခသည်များအဖြစ် နေရပ်စွန့်ခွာခဲ့ရသည့် စစ်ဘေးဒုက္ခသည်များအရေးမှာ ပိုမိုအလေးထားရမည့် အခြေအနေဖြစ်လာသည်။ တစ်ကျော့ပြန် တိုက်ပွဲများနှင့်အတူ စစ်ဘေးဒုက္ခသည်များအဖြစ် ဒုက္ခသည်စခန်းများတွင် သိန်းဂဏန်းပမာဏ ရှိသော စစ်ဘေးဒုက္ခသည်များစွာ အနေဖြင့်လည်း ငြိမ်းချမ်းရေးနှင့်အတူ အေးချမ်းတည်ငြိမ်သော မူလဘ၀များ ပြန်လည်ရရှိရန် မျှော်လင့်နေကြပြီဖြစ်သည်။ ထို့ပြင် လာမည့် ငြိမ်းချမ်းရေး ညီလာခံမှ သဘောတူညီမှု ရလဒ်ကောင်းများနှင့်အတူ စစ်မှန်သည့် ငြိမ်းချမ်းရေး ရရှိပါက စစ်ဘေးဒုက္ခသည် စခန်းများမှ မိမိနေရပ်သို့ ပြန်နိုင်ရန် မျှော်လင့်လျက် ရှိနေကြသည်။ နေထိုင်စားသောက်မှု အခက်အခဲများ အပါအ၀င် လူမှုဒုက္ခ အခက်အခဲများစွာဖြင့် ရုန်းကန်နေရသည့် စစ်ဘေးဒုက္ခသည် အဖြစ်မှ ရုန်းထွက်လိုနေကြသည်။ ဘ၀ရပ်တည်မှုအတွက် ကိုယ့်အိမ်ကိုယ်ရာနှင့် ကိုယ်ပိုင်လုပ်ငန်းခွင်များ စွန့်ခွာခဲ့ရ၍ ပုံမှန်ဝင်ငွေ ရှာဖွေနိုင်ခြင်း မရှိသည့် စစ်ဘေးဒုက္ခသည်ဘ၀တွင် ကြာရှည်နေထိုင်လိုကြခြင်း မရှိကြချေ။ သို့သော် စစ်ပွဲများ ပြန်လည် ဖြစ်ပွားမည်ကို စိုးရိမ်မှုဖြင့် နေရပ်မပြန်ရဲကြခြင်းလည်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် UNFC အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များသည် ဇူလိုင် ၁၇ ရက်က ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့မှုအပြီးတွင် UNFC က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အားလုံး ပူးပေါင်း ပါဝင်နိုင်သည့် ငြိမ်းချမ်းရေး ဖြစ်စဉ်ဖြစ်ရေးအတွက် လက်တွေ့ဆွေးနွေးချက်များကို ဆွေးနွေးခဲ့ကြောင်းနှင့် စစ်ပဋိပက္ခတွင် ပါဝင်နေသည့် လက်နက်ကိုင် အဖွဲ့အစည်းများအားလုံးမှ စစ်မှန်သည့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို တစ်ပြိုင်နက်တည်း ကြေညာနိုင်မည်ဟု မျှော်လင့်ကြောင်း သတင်းထုတ်ပြန်ထားသည်။ ထို့ပြင် ရေရှည်တွင် ငြိမ်းချမ်းရေးမရှိဘဲ မည်သည့်စီးပွားရေးကိုမျှ ထိန်းသိမ်းထားနိုင်မည် မဟုတ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။
နှစ်ပေါင်း ၆၀ ကျော် ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်ပွဲများနှင့် ငြိမ်းချမ်းရေးပြဿနာအား အဆင့်အလိုက် အဖြေရှာ ဖြေရှင်းရန် ဆောင်ရွက်နေကြပြီဖြစ်သည်။ သို့ပါ၍ ကာလရှည် မငြိမ်းချမ်းမှု ပြဿနာအား စစ်မှန်သည့် ငြိမ်းချမ်းရေး ရရှိရန် လုပ်ဆောင်သည့်နည်းတူ စစ်ဘေးဒုက္ခသည်များ၏ မျှော်လင့်ချက်များကို စာနာမှုဖြင့် တာဝန်ယူ ဖြည့်ဆည်းပေးသင့်ကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
(သြဂုတ် ၂၀ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်)

No comments:
Post a Comment