သြဂုတ် ၁၆ ရက်က ထိုင်ဝမ်တောင်ပိုင်း ပင်တိုင်စီရင်စုတွင် မြစ်ထဲသို့ ထိုးကျခဲ့သည့် သံချပ်ကာယာဉ်ကို တွေ့ရစဉ်
ထိုင်ဝမ်တောင်ပိုင်းတွင်
စစ်တပ်မှ သံချပ်ကာယာဉ် တစ်စီးသည် မိုးများသည်းထန်စွာ ရွာသွန်းနေစဉ်
လမ်းချော်၍ မြစ်ထဲသို့ ထိုးဆင်းသွားခဲ့ရာ စစ်သားသုံးဦး သေဆုံးခဲ့သည်ဟု
သြဂုတ် ၁၆ ရက်၌ အစိုးရ အရာရှိများက ပြောကြားခဲ့သည်။
နိုင်ငံတောင်ပိုင်း ပင်တိုင်စီရင်စုတွင် ဒေသစံတော်ချိန် နံနက် ၁၀ နာရီခွဲခန့်က စစ်သားငါးဦး လိုက်ပါလာသော CM11 သံချပ်ကာယာဉ်သည် စစ်ရေးလေ့ကျင့်မှု ပြီးဆုံးပြီး စခန်းသို့ ပြန်လာစဉ် တံတားတစ်ခုပေါ်မှ ချော်၍ ၀မ်ရှာမြစ်ထဲသို့ စောက်ထိုး ထိုးဆင်းသွားသည်ဟု စစ်တပ်က ထုတ်ပြန်ခဲ့သည်။ မောင်းနှင်သူသည် ရုန်းထွက် လွတ်မြောက်သွားခဲ့သော်လည်း ကျန်လေးဦးမှာ ယာဉ်ထဲတွင် ပိတ်မိနေခဲ့သည်ဟု သိရသည်။
ကနဦးက စစ်တပ်၏ ထုတ်ပြန်ချက်ထဲတွင် ပိတ်မိနေသည့် စစ်သားလေးဦးစလုံး သေဆုံးခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။ သို့သော် ယင်းတို့ထဲမှ တစ်ဦးသည် အရေးပေါ် ဆေးကုသမှုကြောင့် အသက်ရှင်ခဲ့ရပြီးနောက် သေဆုံးသူ ဦးရေမှာ သုံးဦး ဖြစ်ခဲ့သည်။ “မတော်တဆမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းနေဆဲပါ” ဟု စစ်တပ်၏ ပြောခွင့်ရပုဂ္ဂိုလ် အယ်ဖွန်ဆိုယန်းက ဆိုသည်။
ယာဉ်သည် မြစ်ထဲသို့ ထိုးမကျခင် မောင်းနှင်သူသည် ဆန့်ကျင်ဘက်သို့ မကွေ့နိုင်ခြင်းမှာ ယာဉ်၏ ချို့ယွင်းချက်ကြောင့် ဖြစ်ဖွယ်ရှိသည်။
သမ္မတဆန်အင်းဝမ်က ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ၀မ်းနည်းမိကြောင်းဆိုကာ ဖြစ်ပွားရသည့် အကြောင်းရင်းကို အမြန်ဆုံးစုံစမ်းရန် တောင်းဆိုထားသည်။ လာမည့် သီတင်းပတ်၌ ပင်တိုင်စီရင်စုတွင် နှစ်စဉ်ကျင်းပနေကြ Han Kuang 32 စစ်ရေးလေ့ကျင့်မှု မတိုင်မီ ယခု ဖြစ်ရပ် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
Ref: AFP elevel

No comments:
Post a Comment